ဘန်ကောက်၊ ၂၀၂၄ ဒီဇင်ဘာ ၁၆
ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်မှ ဆားသိပ်ထားသည့် ပုဇွန်ဆိတ်များကို မှောင်ခိုသွင်းလာသော မြန်မာငါးဖမ်း လှေတစ်စင်းနှင့် လှေသား ၆ ဦးတို့ကို အာဏာပိုင်များက ဖမ်းဆီးမိခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ သတင်းဖော်ပြခဲ့သည်။
ရေလုပ်ငန်း ထွက်ကုန်များကို ထိုင်းနိုင်ငံအတွင်း တရားမဝင် မှောင်ခိုသွင်းနေကြောင်း သတင်းရရှိခဲ့ပြီးနောက် ထိုင်းရေတပ်အရာရှိများက သွားရောက်စစ်ဆေးခဲ့ရာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီက ရနောင်းပြည်နယ် ပါ့ခ်နမ် (Pak Nam) မြို့ရှိ ဝေသွန်း (Waithong) မြို့ ဆိပ်ကမ်း၌ ကြိုးချည်ရပ်နားထားသည့် မြန်မာငါးဖမ်းလှေတစ်စင်းကို ရေတပ်အရာရှိများ တွေ့ရှိဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
ထိုစက်လှေပေါ်တွင် အလေးချိန် ၄၀,၀၀၀ ကီလိုဂရမ်ရှိ ဆားနယ်ထားသော ပုဇွန်ဆိတ်များ ထည့်ထားသည့် အိတ်ပေါင်း ၂၀၀၀ နှင့်အတူ လှေသား ၆ ဦးကို တွေ့ရှိခဲ့ကြောင်း၊ ၄င်းငါးဖမ်းစက်လှေအနေဖြင့် ထိုင်းနိုင်ငံသို့ ရေလုပ်ငန်းထွက်ကုန်များ ယူဆောင်လာခွင့်မရှိကြောင်း၊ လှေသားများကိုမူ တရးဥပဒေအရ အရေးယူရန်အတွက် ပါ့ခ်နမ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ရေပြင်အတွင်း ထိုင်းငါးဖမ်းသင်္ဘော ၁၅ စင်းကို မြန်မာကင်းလှည့်သင်္ဘောက ပစ်ခတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် သီတင်း ၂ ပတ်အကြာတွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ထိုင်းသင်္ဘောသား ၄ ဦးသည် ရနောင်းပြည်နယ်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည့် ကော့သောင်းမြို့တွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။
သို့ရာတွင် ထိုင်းသင်္ဘောသား ၄ ဦးတို့အား မြန်မာအာဏာပိုင်များ လွှဲပေးမည့်အနေအထားရှိသော်လည်း ထိုင်းစက်လှေပေါ်ပါလာသည့် မြန်မာနိုင်ငံသား ငါးဖမ်းသမား ၂၇ ယောက်တို့၏ ကံကြမ္မာကို မသိရပေ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယာပွန်ဆာသည် ဖမ်းဆီးခံထားရသည့် ထိုင်းသင်္ဘောသားများ လွတ်မြောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းရန် ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
Photo- မြန်မာနိုင်ငံသား ငါးဖမ်းသမားများကို ထိုင်းက ဖမ်းထားစဉ်