မြဝတီ- ၂၀၂၄ ဒီဇင်ဘာ (၁၆)
ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ကျားဖြန့်-အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပိတ်မိနေသော အိန္ဒိယနိုင်ငံသား ၆ ဦး ပြန်လည်လွတ်မြောက်လာပြီး အိန္ဒိယနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း ရန်ကုန်မြို့ အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပိတ်မိနေသော အိန္ဒိယနိုင်ငံသား ၆ ဦးအား မည်သည့်အဖွဲ့အစည်းများအား အပေးအယူပြုလုပ်၍ ကယ်ဆယ်ခဲ့သည်ကို မသိရသော်လည်း နယ်မြေခံမြဝတီရဲစခန်းမှ အိန္ဒိယနိုင်ငံသို့ ပြန်ပို့လိုက်သည်ဟုဆိုကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်တွင် အကျဥ်းရုံးဖော်ပြသည်။
ပြီးခဲ့သည့်ဇူလိုင်လမှစ၍ မြဝတီမြို့တွင် ပိတ်မိနေသော အိန္ဒိယနိုင်ငံသား ၁၀၁ ဦးတို့ကို ပြန်လည်ကယ်တင်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါ အိန္ဒိယသံရုံးထုတ်ပြန်ချက်တွင် ရေးသားသည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF ထိန်းချုပ်မှုဧရိယာရှိ မြဝတီမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်းများတွင် နိုင်ငံခြားသားများ ပိတ်မိနေခဲ့ပြီး ယခုအခါ DKBA ထိန်းချုပ်ရာ ဘုရားသုံးဆူမြို့မှာလည်း ကျားဖြန့်လုပ်ငန်းများဖြင့် စည်ကားလာသည်။