မော်လမြိုင်- ၂၀၂၄ဒီဇင်ဘာ (၁၆)
မော်လမြိုင်မြို့ပေါ်ရပ်ကွက်များတွင် ပြုလုပ်နေသည့် ဆွမ်းကြီးလောင်းပွဲများ၌ လောင်းကစားဝိုင်းများထည့်သွင်းပြုလုပ်နေကြသည့်အတွက်ကြောင့် လုယက်မှုများ ပိုမိုဖြစ်ပွားလာကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
ထိုကဲ့သို့ မော်လမြိုင်မြို့ပေါ်ရပ်ကွက်များတွင်ပြုလုပ်နေသည့် ဆွမ်းကြီးလောင်းပွဲများ၌ လောင်းကစားဝိုင်းများထည့်သွင်းကျင်းပပြုလုပ်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ တရားဝင်ခွင့်ပြုချက်ပေးထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
ယခု ဒီဇင်ဘာလ (၃) ရက်နေ့၊ ည (၆) နာရီခွဲအချိန်ခန့်က မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ အောင်ဆန်းလမ်းတွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးတစ်ဦးအား တခြားဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးမှ ဝင်တိုက်ကာ၊ ဆိုင်ကယ်လဲကျနေစဉ် ထိုအမျိုးသမီးထံမှ ငွေသား (၁၂) သိန်းကျပ်ကျော် နှင့် မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ ဘဏ်စာအုပ်၊ ဝန်ထမ်းကတ်များထည့်ထားသည့် ပိုက်ဆံအိတ်လုယက်ခံလိုက်ရကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
အလားတူ ဒီဇင်ဘာလ (၅) ရက်နေ့ ည (၇) နာရီခွဲအချိန်ခန့်က မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ အထက်လမ်းမကြီး၊ သံလွင်ဥယျာဉ်ရှေ့တွင် အမျိုးသားတစ်ဦးဆိုင်ကယ်စီးနင်းလာစဉ် ၎င်း၏ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံအိတ်အား တခြားဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးက လုယက်ကာ မောင်းနှင်ထွက်ပြေးသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ထို့အပြင် ဒီဇင်ဘာလ (၁၂) ရက်နေ့ မွန်းလွဲပိုင်းအချိန်က မော်လမြိုင်မြို့၊ ငန်းတေးရက်ကွက် လှိုင် – အုတ်ဖို – ငန်းတေးမြို့ပတ်လမ်းတွင် အမျိုးသမီးတစ်ဦး ပိုက်ဆံအိတ်ဆွဲဖြတ်လုယက်ခံခဲ့ရကြောင်း ၎င်းရပ်ကွက်နေပြည်သူများထံမှ သိရသည်။
၎င်းအပြင် ဒီဇင်ဘာလ (၁၃) ရက်နေ့ နံနက်အစောပိုင်းအချိန်က မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ရာမညအားကစားကွင်းအရှေ့ဘက်၊ သာသနာ့ဗိမာန်လမ်းရှိ ဖရဲသီးအရောင်းဆိုင်တစ်ဆိုင်မှ ငွေကျပ်သိန်း (၃၀) ခန့် လုယက်ခံလိုက်ရကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
၎င်းကဆက်လက်ပြိး “ဖဲရဲသီးဆိုင်ဖွင့်စအချိန်မှာ ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသား (၂) ယောက်ရောက်လာတယ်။ တစ်ယောက် ဆိုင်ကယ်စက်နှိုးရင်းစောင့်နေတယ်။ နောက်တစ်ယောက်က ဖရဲသီးဆိုင်ထဲကို ဝင်ပြီးတော့ ပိုက်ဆံဝင်လုသွားတာ။ ပြီးတော့ ဆိုင်ကယ်မောင်းပြီး ထွက်ပြေးပြေးသွားတယ်” ဟု ပြောကြားသည်။
ထို့အပြင် ယင်း ဒီဇင်ဘာလ (၁၃) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်ခန့်ကလည်း ဖက်တန်းရပ်ကွက်၊ သထုံတံတားလမ်းရှိ ဆန်းသစ်ဦး ရွှေဆိုင်တွင် လူလတ်ပိုင်းအမျိုးသားတစ်ဦးမှ ရွှေဝယ်မည်ဟုဆိုကာ ရွှေဆွဲကြိုး (၅) ကုံးအား လုယူထွက်ပြေးမှုဖြစ်ပွားခဲ့သေးကြောင်း နှင့် ရွှေဆွဲကြိုးများ လုယက်ထွက်ပြေးသူအား ရွှေဆိုင်လုံခြုံရေးဝန်ထမ်းများမှ အချိန်တိုအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး၊ ၎င်းအမျိုးသားအား စစ်ကဲကုန်းနယ်မြေရဲစခန်းမှ လာရောက်ခေါ်ဆောင်သွားသည်ဟု ယင်းရွှေဆိုင်နှင့် နီးစပ်သူများထံမှ သိရသည်။
ယခင် မော်လမြိုင်မြို့ပေါ်၌ မော်တော်ဆိုင်ကယ်များ ခိုးယူခံရသည့် ဖြစ်စဉ်များသာ ဖြစ်ပွားလေ့ရှိသော်လည်း ပွင့်လင်းရာသီအစ မော်လမြိုင်မြို့ပေါ်ရပ်ကွက်များ၌ ပြုလုပ်နေသည့် ဆွမ်းကြီးလောင်းပွဲများ၌ လောင်းကစားဝိုင်းများထည့်သွင်းပြုလုပ်နေကြသည့်အတွက်ကြောင့် လုယက်မှုကဲ့သို့ အမှုအခင်းများ ပိုမိုဖြစ်ပွားလာနေကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားသည်။
“အရင်က ဆွမ်းကြီးလောင်းပွဲဆိုရင် ပွဲရက်က အလွန်ဆုံး (၂) ရက်၊ (၃) ရက်လောက်ပဲရှိတယ်။ ခုက ရပ်ကွက်ဆွမ်းကြီးလောင်းပွဲတွေက တစ်ပတ် (၇) ရက်မကလုပ်နေကြတော့ ရပ်ကွက်နေပြည်သူတွေလည်း စိတ်အနှောင့်အယှက်ဖြစ်ကြရသလို၊ အခုက ရပ်ကွက်ဆွမ်းကြီးလောင်းပွဲတွေမှာ လောင်းကစားဝိုင်းတွေကို တရားဝင်ထည့်သွင်းပြီးတော့ လုပ်နေကြတော့ ခိုးမှု၊ လုယက်မှုတွေပိုများလာပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၄) ရက်နေ့ ည (၉) နာရီအချိန်ခန့်ကလည်း မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်မှ ဈေးကြိုရပ်ကွက်ဘက်သို့ ဆိုင်ကယ်စီးနင်းလာသည့် လင်မယားနှစ်ဦးထံမှ လက်ကိုင်ဖုန်းတစ်လုံးအား အခြားဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးမှ လုယက်ကာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားကြောင်း ရပ်ကွက်နေပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။