ချင်းမိုင်-၂၀၂၄ ဒီဇင်ဘာ (၁၆)
ထိုင်းနယ်စပ်နှင့် ထိစပ်နေသော ရှမ်းပြည်အရှေ့ပိုင်းတွင် နယ်မြေအငြင်းပွားမှုဖြစ်နေသည့် နေရာများမှ UWSA ဝတပ်စခန်းများ ဆုတ်ခွာပေးဖို့ ဝဘက်က သဘောတူလိုက်ကြောင်း ထိုင်းသတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။
ယမန်နေ့တွင် Thai Move Institute သတင်းအစီအစဉ်မှ The Critics က ““ဝ” တပ်ဖွဲ့ဘက်က ဆုတ်ခွာပေးဖို့ သဘောတူတယ်၊ ဒါပေမယ့် ဆုတ်ခွာပေးဖို့ “ဝ” တပ်ဖွဲ့ကို အချိန် ၃ လ၊ ၄ လခန့် ပေးဖို့ဆိုသလို ကြေညာချက်ထုတ်ပြန်ရာမှာ “ဝ” တပ်ဖွဲ့က အရှုံးပေးတာမျိုး၊ ကြောက်ရွံ့လို့ ဆုတ်ခွာတာမျိုး မဟုတ်ဘူးဆိုတာကို ထည့်သွင်းပေးရမယ်လို့ တောင်းဆိုထားတယ်” ဟု ဖော်ပြသွားခဲ့သည်။
သို့ရာတွင် ဝတပ်ဖွဲ့အနေဖြင့် အခြားသတင်းဌာနများသို့ သီးခြားအတည်ပြုခဲ့ခြင်း မတွေ့ရသေးပေ။
ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နယ်စပ်မျဥ်းမှ UWSA ၏ တပ်စခန်း ၇ ခုကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ပေးရန် ထိုင်းဘုရင့်တပ်မတော်က သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အငြင်းပွားနေသည့် စစ်စခန်းကုန်းများသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် လွယ်တိုင်းလျန်းနှင့် ၁၀ ကီလိုမီတာအကွာမှာတည်ရှိနေပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ဒေသ ပန်မဖနယ်သို့ မီတာ ၃၀၀ ခန့် ဝင်ရောက်နေကြောင်း ထိုင်းသတင်းများက ရေးသားဖော်ပြသည်။
“ဝ” တပ်ဖွဲ့ – UWSA အနေဖြင့် ငြိမ်းချမ်းရေးသည်သာ အဓိကဖြစ်သောကြောင့် ထိုင်းစစ်တပ်နှင့် “ဝ”တပ်ဖွဲ့အကြား စစ်ရေးတင်းမာမှုသတင်းများထွက်နေသည့်အပေါ် ဖန်တီးရေးသားနေကြသည်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဒီဇင်ဘာ ၈ ရက်နေ့တွင် UWSA စာထုတ်ပြန်ခဲ့သည်။