မဲဆောက်၊ ၂၀၂၄ ဒီဇင်ဘာ (၁၄)
ကရင်တိုင်းရင်းသားများအပါအဝင် မြန်မာနိုင်ငံသား အများအပြားနေထိုင်သည့် မဲဆောက်မြို့နယ် အုန်းဖျန်ပွဲတော် ဖျော်ဖြေပွဲတစ်ခုတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲခဲ့ပြီး (၄) ဦးထက်မနည်း သေဆုံးကာ (၄၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှ လာသည့် သတင်းများအရ သိရသည်။
ထိုဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ ဆယ်ကျော်သက် လူငယ်အုပ်စုနှစ်ခုအကြား အချင်းချင်းအပြန်အလှန် တိုက်ခိုက်ကြရာမှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်ဟု သုံးသပ်ပြောဆိုကြပြီး ထိုင်းတစ်ဦးနှင့် KNU တပ်သားတစ်ဦးတို့ကို ဖမ်းဆီးထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
ထိုင်းဝန်ကြီးချုပ်က ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် ပတ်သက်ပြီး မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း၊ အဆိုပါဖြစ်စဉ်တွင် ကျူးလွန်သူများအား စုံစမ်းဖေါ်ထုတ်အရေးယူရန် ညွန်ကြားထားသည့်အပြင်၊ ထိုဖျော်ဖြေပွဲကဲ့သို့ လူအများ တက်ရောက်သည့် ပွဲတော်များတွင် အများပြည်သူဘေးကင်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား တိုးမြှင့်ချထားရန် ညွန်ကြားချက်ပေးထားကြောင်း ထိုင်းသတင်းများက ဆိုကြသည်။
ယမန်နေ့ ဒီဇင်ဘာလ (၁၃) ရက်နေ့ ထိုင်းနိုင်ငံစံတော်ချိန် ည (၁၁) နာရီ (၃၀) မိနစ်အချိန်ခန့်က အဆိုပါ အုန်းဖျန်မြို့ရှိ လေဆိပ်ဟောင်းကွင်းပြင်၌ ကျင်းပပြုလုပ်နေသည့် ဖျော်ဖြေပွဲစင်အရှေ့တွင် အကဖြင့်ဖျော်ဖြေနေစဉ် ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခံရခြင်း ဖြစ်သည်။
ထို အုန်းဖျန်မြို့ပွဲတော်မှာ ဒီဇင်ဘာလ (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ ဒေသခံတို့၏ နှစ်စဥ်ကျင်းပမြဲ ရိုးရာပွဲတော် ဖြစ်ကြောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့၏ အရှေ့အရပ်၌ တည်ရှိသော အုန်းဖျန်မြို့သည် နို့ဖိုးဒုက္ခသည်စခန်းနှင့် မနီးမဝေးတွင် တည်ရှိကြောင်း သိရသည်။
See insights and ads
All reactions:
11