ဘုရားသုံးဆူ၊ ၂၀၂၄ ဒီဇင်ဘာ (၁၄)
ပြီးခဲ့သည့် နိုဝင်ဘာလက ဘုရားသုံးဆူမြို့ခံ လျှပ်စစ်ဝန်ထမ်းမိသားစုဝင် (၃) ဦးအား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြသူများမှာ CDM ရဲဝန်ထမ်း (၂) ဦးဟု သိရပြီး ၎င်းတို့အား ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း စုံစမ်းသိရသည်။
သို့ရာတွင် ယင်း CDM ရဲဝန်ထမ်း (၂) ဦး ဖမ်းဆီးသည့်ဖြစ်စဥ်အပေါ် KNU မှ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိသေးသော်လည်း ဆက်လက်အတည်ပြုနိုင်ရန် ကောင်းဝါမှ ဆက်လက်ကြိုးစားလျက်ရှိသည်။
ဘုရားသုံးဆူဒေသခံတစ်ဦးက “သတင်းပေးတာ မှားယွင်းလို့ ဦးရခိုင်တို့ မိသားစုဝင် (၃) ဦးကို မှားယွင်းသတ်ဖြတ်မိတာလို့ ပြောတယ်။ သေတဲ့သူတွေက သေကုန်ကြပြီးပြီ၊ ဘုရားသုံးဆူမြို့မှာ ဒလန်လုပ်နေတဲ့မိသားစုကိုရှင်းပစ်ဖို့ ဆိုပြီး အဖွဲ့အစည်းတစ်ခု တာဝန်ပေးလိုက်တာ လူမှားပြီးသတ်မိတာလို့ဆိုတယ်” ဟု ပြောကြားသည်။
ဦးကျော်သိန်းမောင် (ခ) ဦးရခိုင် တို့ မိသားစုဝင် (၃) ဦးအား သတ်ဖြတ်ခဲ့သူများမှာ ရခိုင်ပြည်နယ်သို့ တာဝန်ထမ်းဆောင်ရန်ပို့ဆောင်ခံရစဉ် CDM ပြုလုပ်လာခဲ့ကြသည့် ရဲဝန်ထမ်း (၂) ဦးဖြစ်ပြီး ၎င်းတို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံတွင် လာရောက်ခိုလှုံနေကြသူများဖြစ်ကြောင်း ဆိုသည်။
နိုဝင်ဘာလ (၁၉) ရက်နေ့က ဘုရားသုံးဆူမြို့ အမှတ် (၂) ရပ်ကွက်၊ လျှပ်စစ်ဝန်ထမ်းလိုင်းခန်းနေ အငြိမ်းစား လျှပ်စစ်ဝန်ထမ်း ဦးကျော်သိန်းမောင် (ခ) ဦးရခိုင် (၆၉) နှစ်၊ သမီးဖြစ်သူ ကျောင်းဆရာမ ဒေါ်သိမ့်သိမ့်သူ (၃၆) နှစ်နှင့် ဦးကျော်သိန်းမောင် (ခ) ဦးရခိုင် ၏ မြေးဖြစ်သူ အသက် (၆) နှစ်အရွယ် မောင်စိုင်းဝဏ္ဏထွန်း တို့ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အဆိုပါ ဦးကျော်သိန်းမောင် (ခ) ဦးရခိုင် တို့ မိသားစုဝင် (၃) ဦးအား လူတစ်စုမှ Honda Fit အမည်းရောင်ကားဖြင့်ဖမ်းဆီးခေါ်ဆောင်သွားနောက် ရက်ရက်စက်စက်သတ်ဖြတ်ပစ်ခဲ့ကြောင်း၊ ၎င်းတို့၏ ရုပ်အလောင်းများအား နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဘုရားသုံးဆူ – မဲက္ကသာကျေးရွာ ကားလမ်းဘေး ရော်ဘာခြံအတွင်းမှ ပြန်လည်တွေ့ရှိခဲ့ရသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့ ညပိုင်းက ဌာနဆိုင်ရာရုံးအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက်ပိုင်းတွင်၊ ဘုရားသုံးဆူမြို့အား ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA အဖွဲ့မှ ဦးစီးကာ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့်အတူ မြို့လုံခြုံရေးဆောင်ရွက်ပေးနေကြောင်း၊ စစ်တပ်မှာ တပ်ကုန်းအတွင်းထဲတွင်သာ ရှိနေပြီး ရဲများမှာ ရဲစခန်းအတွင်းမှာသာ နေထိုင်လျက်ရှိကြောင်း မြို့ခံများထံမှ သိရသည်။
See insights and ads