စံခလပူရီ-၂၀၂၄ ဒီဇင်ဘာ (၁၄)
ကန်ချပူရီပြည်နယ် စံခလပူရီမြို့မှ ထောင်ဖာပွန်မြို့သို့ သွားသည့်ပဲ့ချိပ်စက်လှေတစ်စင်းပေါ်မှ တရားမဝင်မြန်မာရွှေ့ပြောင်း ၁၁ ဦးကို ယနေ့နံနက်စောစောပိုင်းတွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိကြောင်း ကန်ချနပူရီသတင်းက ဖော်ပြသည်။
စံခလပူရီ-ထောင်ဖာဖွန်အကြား ဗာဂျီရာလောင်ကွန်းဆည် မြစ်လယ်ရှိ လုံခြုံရေးကင်းတဲမှ မသင်္ကာစရာ ၄င်းပဲ့ချိပ်စက်လှေအား ရပ်တန့်ရန်အချက်ပြခဲ့သော်လည်း အရှိန်ဖြင့်ဖြတ်သန်းမောင်းနှင်ထွက်ပြေးသွားသဖြင့် ထောင်ဖာဖွန်လှေဆိပ်အတက်တွင် လိုက်လံဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေးအရာရှိ၏ ကနဦး စစ်ဆေးမေးမြန်းချက်များအရ စံခလပူရီမှ ဆမ်ယော့နှင့် ဆန်ချိုင်းတို့ နှစ်ဦးစလုံးမှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ သယ်ဆောင်လာသည်ကို ဝန်ခံခဲ့ပြီး တစ်ဦးလျှင် ဘတ်ငွေ ၇၀၀ လှေစီးခ ရယူခဲ့ကြောင်း ထွက်ဆိုထားသည်။
အဆိုပါ ဖမ်းဆီးမိသည့် တရားမဝင် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ သွားရောက် အလုပ်လုပ်ကိုင်သူများက တစ်ဦးလျင်ဘတ်ငွေ ၁၀,၀၀၀ မှ ၁၃,၀၀၀ ကြား ပွဲစားများအား ပေးဆောင်ရကြောင်း၊ တချို့မှာ မလေးရှားသို့ သွားရောက်မည်ဖြစ်ပြီး သတ်မှတ်နေရာရောက်ပါက ပွဲစားကို တစ်ဦးလျှင် စင်ကာပူဒေါ်လာ ၅၅၀၀ အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း အသီးသီးထွက်ဆိုခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အထွေထွေအကျပ်အတည်းများကြောင့် ပြည်ပနိုင်ငံသို့ နည်းမျိုးစုံဖြင့် ထွက်ခွာလျက်ရှိရာ အိမ်နီးချင်းထိုင်းနိုင်ငံသို့ တရားမဝင်သောနည်းလမ်းဖြင့် ဝင်ရောက်လာမှုကြောင့် နေ့စဥ်လိုလို ဖမ်းဆီးခြင်းခံရကြောင်း သိရသည်။