ရေး-၂၀၂၄ ဒီဇင်ဘာ (၁၃)
ရေးမြို့ပေါ်အတွင်း လုံခြုံရေးအင်အားနည်းပါးလာသဖြင့် မြို့ပြလှုပ်ရှားမှုအတွက် ကျေးရွာအုပ်စုတစ်စုလျင် လူနှစ်ယောက်ထည့်ပေးရန် စစ်ကောင်စီက သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများအား အကြပ်ကိုင်တောင်းခံထားကြောင်း စုံစမ်းသိရှိသည်။
ရေးမြို့နယ် ထွေအုပ်ရုံး၌ ယနေ့ မွန်းလွဲတစ်နာရီအချိန်က သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးအသီးသီးတို့အား စကခ (၁၉) ရေးတပ်နယ်မှ အရေးပေါ်အစည်းအဝေးခေါ်ယူ၍ ယခုအသစ်တဖန် ဖွဲ့စည်းသွားမည့် မြို့ပြလှုပ်ရှားမှုအတွက် လုံခြုံရေးသင်တန်းတက်ရန် တစ်ရွာလျင် လူနှစ်ဦး မဖြစ်မနေပေးဆောင်ရမည်ဟု တောင်းခံထားကြောင်း အစည်းအဝေးတက်ရောက်လာသည့် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။
“စစ်မှုထမ်းဖို့ကတစ်ခါ၊ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးက နောက်တစ်ခုထပ်လာတယ်၊ အခုတခါမှာတော့ မြို့ပြလှုပ်ရှားမှုအတွက် ဆိုပြီး လုံခြုံရေးထမ်းဆောင်ဖို့ တစ်ရွာကိုနှစ်ယောက် မဖြစ်မနေပေးရမယ်လို့ ဒုတပ်နယ်မှူးက အကြပ်ကိုင်တယ်၊ လူနှစ်ယောက်မပေးရင် ကျနော်တို့ကို ဒီနေ့ အိမ်ပေးမပြန်တော့ဘူး၊ ကျနော်တို့ကို ခေါ်ထားမယ်လို့ ဆိုတယ်၊ လူနှစ်ယောက်ရှာပေးမယ်လို့ သူတို့ကိုပြောထားပြီးတော့ အိမ်ပြန်ခွင့် ရလာခဲ့တယ်” ဟု ၄င်းက ဆိုသည်။
ရေးမြို့ပေါ်တွင် စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်မည့် လူအင်အားမရှိသလောက်ဖြစ်နေသောကြောင့် စစ်ကောင်စီက လိုအပ်သလိုအသုံးပြုနိုင်ရန် အင်အားတောင်းခံလာသည်ဟု ယူဆကြောင်း ရေးမြို့ ထွေအုပ်အသိုင်းအဝိုင်းမှ သိရသည်။
အမည်မဖော်လိုသည့် ထွေအုပ်ဝန်ထမ်းတစ်ဦးက “ရေးနယ်တခွင်က တပ်ရင်းတွေမှာလည်း တပ်ရင်းမှူး၊ ဒုရင်းမှူး မရှိသလောက်ပဲ၊ 2nd IC တွေပဲ တွေ့ရတယ်၊ အရေးအကြောင်းပေါ်လာတဲ့အခါ တပ်ရင်းအလိုက် ထုတ်နှုတ်အင်အား တစ်ရင်းတစ်ရင်း နှစ်ယောက်သုံးယောက်နဲ့ အတင်းကို ဆွဲထုတ်နေရတယ်၊ လုံခြုံရေးအင်အား သိပ်ကိုနည်းပါးလွန်းတော့ အရပ်သားတွေကို ခေါ်သုံးတယ်လို့ ထင်ပါတယ်၊ ဘယ်သူမှလည်း စစ်တပ်နဲ့ပတ်သက်ချင်တာမဟုတ်တော့ လက်နက်ကိုင်ဖို့ လူရှာရတာ ခက်သားပဲ” ဟု ပြောသည်။
ရေးမြို့နယ်တွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုပေါင်း ၄၄ စုရှိကြောင်း၊ ကရင်ကျေးရွာ ၁၀ အုပ်စုတွင် အုပ်ချုပ်ရေးမှူးများ လုံးဝမရှိတော့ကြောင်း၊ ယနေ့ ကျင်းပသည့် အစည်းအဝေးသို့ အခြားကျေးရွာ ၁၀ ရွာက တက်ရောက်ရန် ပျက်ကွက်ခဲ့ပြီး အုပ်ချုပ်ရေးမှူး ၂၅ ဦးသာ တက်ရောက်လာကြောင်း စုံစမ်းသိရှိရသည်။
ရေးမြို့အခြေစိုက် စကခ (၁၉) တပ်နယ်မှူးအနေဖြင့် မြို့ပေါ်နှင့် အစင်၊ ဇီးဖြူသောင်ဘက်သို့ စည်းရုံးရေးခရီးစဥ်အဖြစ် သွားလာလှုပ်ရှားသည့်အခါ လက်နက်ချ မွန်ခွဲထွက်အုပ်စုအချို့က မွန်စစ်သား MNLA ယူနီဖောင်းဝတ်ဆင်၍ လုံခြုံရေးအစောင့်အရှောက်ဖြင့် သွားလာလေ့ရှိသည်ကို မြင်တွေ့ခဲ့ရကြောင်း စောင့်ကြည့်လေ့လာနေသူအချို့မှ သိရသည်။