ဘန်ကောက်၊ ၂၀၂၄ ဒီဇင်ဘာ (၁၃)
.ထိုင်းနိုင်ငံ ချောင်ဘူရီနှင့် စမွတ်စခွန်ခရိုင်တို့တွင် တရားမဝင် မြန်မာ အလုပ်သမားများ ပုန်းအောင်းနေသည့် အသိုက်နေရာနှစ်ခုကို ယနေ့နံနက်စောစောပိုင်း၌ ထိုင်းရဲတပ်ဖွဲ့နှင့် လဝကတို့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ လူပေါင်း ၂၀၀ ကျော်ဖမ်းဆီးမိကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
၁၃ ရက် သောကြာနေ့ လှို့ဝှက်စစ်ဆင်ရေးအဖြစ် ပတ္တရားခရိုင်၌ အမြင့် ၄ ထပ် အခန်းပေါင်း ၁၀၀ ကျော်ရှိသော Foreman’s House အဆောက်အဦအား ပိတ်ဆို့ရှာဖွေခဲ့ရာတွင် တရားမဝင်နေထိုင်သူ မြန်မာအလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
“တရားမဝင်နိုင်ငံခြားသား အလုပ်သမားနေထိုင်ရာနေရာတွေကို ဖြိုခွင်းဖမ်းဆီးလိုက်တာပါ၊ အလုပ်သမား အများအပြား အိပ်ပျော်နေတာ တွေ့ရတယ်၊ ဒါနဲ့ သူတို့အားလုံးကို ဟိုတယ်ခန်းရဲ့ ကားပါကင်မှာ စုပြီး နိုင်ငံကူးလက်မှတ်၊ ဗီဇာနဲ့ အလုပ်လုပ်ခွင့် စာရွက်စာတမ်းတွေကို စစ်ဆေးတယ်။ အများစုက အထောက်အထား မပြနိုင်ဘူး၊ ထိုင်းဝရမ်းနဲ့ အင်တာပိုက အလိုရှိနေတဲ့လူအချို့ကိုလည်း ဖမ်းမိခဲ့တယ်” ဟု ရဲမှူးကြီး နပက်ဖွန်က ပြောသည်။
အလားတူ ယနေ့နံက်စောစောပိုင်းကလည်း Bang Chuet ခရိုင်၊ စမွတ်စခွန်ဧရိယာရှိ နာမည်ကြီး ပါဆယ်ထုပ်လုပ်ငန်းနှင့် ကုန်လှောင်ရုံတစ်ခုကို ရဲနှင့် လူဝင်မှုကြီးကြပ်ရေးမှ ဝင်ရောက်စစ်ဆေးခဲ့ရာ သက်သေအထောက်အထား စာရွက်စာတမ်းပြသနိုင်ခြင်းမရှိသော မြန်မာနိုင်ငံသား ၁၂၈ ယောက်ကို ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းရဲအရာရှိတစ်ဦးက ဆိုသည်။
“ပါဆယ်ထုပ်ခွဲဝေတဲ့လုပ်ငန်းက တရားမဝင်အလုပ်သမားတွေပါ ပတ်စပို့ အလုပ်လုပ်ခွင့်လက်မှတ်မရှိကြဘူးလို့ ထွက်ဆိုတယ်၊ အဲဒီအထဲမှာ မြန်မာလူမျိုး Gang 037 မာဖီးယားဂိုဏ်းသား ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ 037 ဂိုဏ်းရဲ့ သင်္ကေတဖြစ်တဲ့ တက်တူးတွေကို တွေ့ရှိခဲ့တယ်”ဟု ၄င်းက ပြောကြားသည်။
ပစ္စည်းထုတ်များကို နေရာအသီးသီးသို့ ပို့ရန် ပါဆယ်ထုပ်များ ခွဲဝေပေးသည့် နိုင်ငံခြားသား အလုပ်သမား ၁၀၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် အရာရှိက စာရွက်စာတမ်းများကို စစ်ဆေးမေးမြန်းခဲ့ရာ ဖမ်းဆီးခံရသူ ၁၂၈ ဦးစလုံးတွင် သက်သေခံအထောက်အထား စာရွက်စာတမ်းများ၊ ပတ်စပို့ သို့မဟုတ် အလုပ်လုပ်ခွင့်လက်မှတ် မရှိကြောင်း ထွက်ဆိုခဲ့သည်ဟု ထိုင်းသတင်းက ဖော်ပြသည်။
၂၀၁၇ ခုနှစ် နိုင်ငံခြားသား အလုပ်လုပ်ကိုင်ခွင့် စီမံကွပ်ကဲမှု ဥပဒေ ပုဒ်မ ၈ နှင့် ပြင်ဆင်ချက် အမှတ် (၂) B.E 2018 ခုနှစ် တို့ဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ ဖမ်းဆီးအရေးယူထားပြီး နေရပ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
.Photo-ဖမ်းဆီးခံရသည့် တရားမဝင်အလုပ်သမားများ (โจโฉ )