မော်လမြိုင်၊ ၂၀၂၄ ဒီဇင်ဘာ(၁၂)
နိုင်ငံခြားမှတင်သွင်းလာသည့် တရားမဝင်ကုန်စည်များကို ယခုထက် ၄ ဆခန့်ပိုမို၍ ထိထိရောက်ရောက် တိုးမြှင့်ဖမ်းဆီးသွားရန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ညွှန်ကြားလိုက်သည်။
နေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပသည့် အစည်းအဝေးတွင် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ကုန်သွယ်ဖက်အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်သွင်းကုန်လက်ခံစာရင်းများတိုက်ဆိုင်စစ်ဆေးချက်အရ အိမ်နီးချင်းနိုင်ငံများထက် များစွာလျော့နည်းနေသည့်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတာဝန်ရှိသူများအနေဖြင့် ယခုထက်ပို၍ ၄ ဆခန့် ထိထိရောက်ရောက်ဖမ်းဆီးရန် ပြောဆိုလိုက်ခြင်းဖြစ်သည်။
မော်လမြိုင်မြို့မှ မွန်ကုန်သည်တစ်ဦးက “မဆလမှောင်ခိုခေတ်ကို ပြန်ရောက်သွားသလိုပဲ၊ မဆလလက်ထက်မှာ အာဏာပိုင်အားလုံးက အဂတိသမားတွေချည်းပါ၊ သူတို့ဝန်ထမ်းလစာနဲ့ လူတလုံးသူတစ်လုံးဖြစ်ဖို့က မလွယ်ဘူးလေ၊ ကုန်သည်တွေပေးကမ်းစာတွေကိုလည်း စားသလို တဖက်မှာ နိုင်ငံခြားကလာတဲ့ပစ္စည်းမှန်သမျှ မှောင်ခိုဘဲဆိုပြီး ပစ္စည်းဖမ်းသိမ်းတယ် လူကိုလည်းထောင်ချတယ်၊ သူပုန်လုပ်တာတောင် ထောင်မကျနိုင်ဘူး၊ ထိုင်းကပစ္စည်း ကားပေါ်မှာမိတာနဲ့ နှစ်ရှည်ထောင်ကျသွားနိုင်တယ်၊ ခုလည်း အဲဒီခေတ်ဆိုးကြီး ပြန်ရောက်သွားပြီ” ဟု ပြောသည်။
ယခင် ၁၉၈၈ ခုနှစ်မတိုင်မီကာလက မွန်ပြည်နယ်မှကုန်သည်တို့သည် ထိုင်း၊ မလေးရှားနှင့် စင်ကာပူတို့နှင့် တိုက်ရိုက်ကုန်စည်ကူးသန်းရောင်းဝယ်လာမှုကြောင့် လူနေမှုအဆင့်အတန်း မြင့်မားလာကြသည်ဟု ၄င်းက ပြောဆိုသည်။
ထို့ပြင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တရားမဝင်ကုန်သွယ်မှုများတိုက်ဖျက်ရာတွင် သက်ဆိုင်ရာဌာနများအနေဖြင့် အဂတိတရားကင်းကင်းရှင်းရှင်းဖြင့ဆောင်ရွက်ကြရန်နှင့် ပြည်သူလူထုနှင့် ကုန်သည်လုပ်ငန်းရှင်များကလည်း အတူတကွပူးပေါင်းတိုက်ဖျက်ကြရန်နှင့် သတင်းပို့သည့်တာဝန်သိပြည်သူပိုများလာစေရန်လည်း ပြောကြားခဲ့သည်။
တရားမဝင်ကုန်စည်ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်နိုဝင်ဘာလအထိ အမှုတွဲ(၁၇၂၅၈)မှုမှ ခန့်မှန်းတန်ဖိုးကျပ် ၃၇၉.၂၄၇ ဘီယံဖမ်းဆီးရမိခဲ့ပြီး လုပ်ငန်းသုံးကုန်ကြမ်းဖမ်းဆီးရမိမှုအများဆုံးဖြစ်ကာ ဆက်လက်၍ လိုင်စင်မဲ့မော်တော်ယာဉ်၊ တရားမဝင်ကုန်စည်မော်တော်ယာဉ်နှင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီပိုင် သတင်းစာက ဖော်ပြသည်။