တနသႅာရီတိုင်း ထားဝယ်မြို့နယ်အခြေစိုက် KNU တပ်မဟာ (၄) ဒုတပ်ခွဲမှူးတစ်ဦးကို ကော်သူးလေတပ်မတော် KTLA က လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ကရင့်တော်လှန်ရေးအသိုင်းအဝိုင်းမှ သတင်းရရှိသည်။
ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU/KNLA တပ်မဟာ ၄ တပ်ရင်း ၁၂ တပ်ခွဲ ၄ မှ ဒုတပ်ခွဲမှူး စောဖားဂျိုး (အသက် ၅၀ နှစ်ခန့်) သည် ဒီဇင်ဘာ ၈ ရက်နေ့ ညနေပိုင်းအချိန်က မော်တော်ဆိုင်ကယ်တစ်စီးဖြင့် တစ်ဦးတည်းသွားလာနေချိန်တွင် လုပ်ကြံပစ်သတ်ခံလိုက်ရကြောင်း သိရသည်။
စောဖားဂျိုး၏ ခြေထောက်နှင့် နဖူးထိပ်တွင် ကျည်ဆံထိမှန်ဒဏ်ရာရရှိထားကြောင်း၊ တနင်္သာရီတိုင်းအခြေစိုက် ကော်သူးလေတပ်မတော် KTLA ဆာကဆောတပ်မ တပ်ရင်း (၃) က ပစ်ခတ်ခဲ့ကြောင်း တပ်မဟာ (၄) နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သေဆုံးသူ စောဖားဂျိုး၏ အလောင်းကို ဥယျာဥ်ကြီးရွာ ကြိုးတံတားအနီး၌ KTLA က မြေမြှုပ်ခဲ့ပြီးနောက် ယမန်နေ့တွင် KNU တပ်မဟာ ၄ က အလောင်းကို ပြန်လည်ဖော်ထုတ်ခဲ့သည်ဟု ၄င်းက ဆိုသည်။
အလားတူ ယမန်နှစ် ဇူလိုင်လအတွင်းမှာလည်း KNLA တပ်မှူးပါသည့် ကားကို ထားဝယ်မြို့နယ် ဖောင်းတောရွာနှင့် မိုင် ၄၀ ရွာကြား၌ KTLA က စောင့်ကြိုပစ်ခတ်ခဲ့ရာ KNLA ဘက်က ဗိုလ်မှူးအပါအဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNLA စစ်ဌာနချုပ်က သတင်းဖော်ပြခဲ့သည်။
ကရင်လက်နက်ကိုင်အဖွဲ့များမှာ မူလက မိခင် KNU အဖွဲ့အစည်းကြီးမှ ခွဲထွက်လာကြပြီး လက်ရှိတွင် ဒီမိုကရက်တစ်ကရင့်အကျိုးပြုတပ်မတော် DKBA, ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC, ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF နှင့် ကော်သူးလေတပ်မတော် KTLA စသည့်အဖွဲ့အစည်းများဖြင့် လှုပ်ရှားလျက်ရှိကြောင်း တွေ့ရသည်။
Photo- စောဖားဂျိုးရဲ့ရုပ်အလောင်းကို ပြန်ဖော်နေစဥ်။ The Tanintharyi Times