သံဖြူဇရပ် နှစ် (၁၅၀) ပြည့်အထိမ်းအမှတ်ပွဲတော်အား ယခု ဒီဇင်ဘာလ (၂၇) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။
သံဖြူဇရပ် နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်ပွဲတော်စတင်ကျင်းပပြုလုပ်မည့် ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် မြို့လယ်ဇရပ်၌ သံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်း၊ ကမ္မည်းကျောက်စာတိုင်ဖွင့်လှစ်ခြင်း နှင့် ပင့်သံဃာတော် (၁၅၀) ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း စသည့်အစီအစဉ်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီဝင်တစ်ဦးက ပြောကြားသည်။
၎င်းက “ညနေပိုင်းအချိန်မှာဆိုရင် မြို့လယ်ပန်းခြံထဲမှာ ယိမ်းအကတွေနဲ့ဖျော်ဖြေတာလို့၊ မြန်မာသံစဉ် တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေတာမျိုးတွေလည်းပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲ့ဒီပြင်ကို ဒီဇင်ဘာလ (၂၈) ရက်နေ့က နေ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ညနေပိုင်းအချိန်တွေမှာ မြို့လယ်ပန်းခြံမှာပဲ ပဒေသာကပွဲတွေ၊ ယမ်းအကတွေ၊ အငြိမ့်သဘင်နဲ့ဖျော်ဖြေတာတွေ၊ တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေမှုတွေနဲ့ ကျင်းပပြုလုပ်သွားမှာပါ။ အဲ့ဒီအပြင်ကို စတုဒီသာတွေလည်း ကျွေးမွေးသွားပါဦးမယ်” ဟု ပြောကြားသည်။
ထို့အပြင် ဒီဇင်ဘာလ (၂၄) ရက်နေ့မှစတင်ကာ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ မာရသွန်အပြေးပြိုင်ပွဲ၊ အေရိုးဗစ်၊ ကာယအလှမောင်၊ ကာယအလှမယ် အစရှိသည့် အားကစားပြိုင်ပွဲများထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့၏ အမှတ်အသားဖြစ်သည့် “သံဖြူဇရပ်” တည်ဆောက်မှု နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း နှင့် ထို “သံဖြူဇရပ်” အား (၁၈၇၄) ခုနှစ်ကစတင်တည်ဆေက်ခဲ့ပြီး၊ ထို “သံဖြူဇရပ်” ကိုရံ၍ ရွာငယ်စတင်ပေါ်ပေါက်လာခဲ့ရာမှ လက်ရှိ သံဖြူဇရပ်မြို့အဖြစ်တည်တံ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှေးယခင်ကလည်း သံဖြူဇရပ်မြို့ အထိမ်းအမှတ်ပွဲတော်များကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် အဓိကအားဖြင့် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပပြုလုပ်ကြလေ့ရှိကြောင်း သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းက “အရင်ကတော့ သံဖြူဇရပ်မြို့ အထိမ်းအမှတ်ပွဲတော်ဆိုရင် ညပိုင်းမှာ တီးဝိုင်းတွေဘာတွေနဲ့ အရမ်းကိုစည်ကားခဲ့ပါတယ်။ အခုလက်ရှိ အခြေအနေအရ ပွဲတော်ကို အနည်းငယ်ချုံ့ပြီးကျင်းပပြုလုပ်သွားမယ်လို့ ကြားသိရပါတယ်” ဟု ပြောကြားသည်။
(၁၉၇၄) ခုနှစ် ဒီဇင်ဘာလအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် သံဖြူဇရပ် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်ပွဲတော်ကာလအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးကြောင်းနှင့် လက်ရှိ အခြေအနေများအရ ယင်းကဲ့သို့ ဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြရကြောင်း ၎င်းမြို့ခံက ဆိုသည်။
“သံဖြူဇရပ်” အား လွန်ခဲ့သည့် (၁၈၇၄) ခုနှစ်က လူအများနားခိုနိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ရာ၊ ထို ဇရပ်အားအစွဲပြုကာ သံဖြူဇရပ် ဟု သမုတ်ခေါဆိုခဲ့ရာမှ (၁၉၆၄) ခုနှစ် ဇွန်လတွင် သံဖြူဇရပ်မြို့အား သံဖြူဇရပ်မြို့နယ်အဖြစ် နိုင်ငံတော်ပြန်တမ်းဖြင့် သတ်မှတ်ခဲ့ကြောင်း သိရသည်။
Photo Credit – CJ