ရေးမြို့တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား မြို့အဝင်လမ်းများတွင် လျှပ်တပြက်ဖမ်းဆီးနေပြီး ငွေကြေးပေးဆောင်၍ ပြန်လည်ထုတ်ယူနိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ယခင်က အထောက်အထားမဲ့နှင့် လိုင်စင်မဲ့ယာဉ်များဖမ်းဆီးမည်ဆိုပါက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် အသိပေးအကြောင်းကြားခဲ့သော်လည်း ယခုကဲ့သို့ ရုတ်တရက်ဖမ်းဆီးခဲ့ခြင်းအတွက် အထူးသဖြင့် ကျေးရွာများက ဒေသခံပြည်သူများ ပိုမိုအခက်အခဲများဖြစ်ပေါ်ခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“အခုလိုဖမ်းမယ်ဆီးမယ်ဆိုရင် အရင်က အကြောင်းကြားတယ်၊ အခုအခါမှာတော့ ဘာမှအသိမပေးဘဲနဲ့ ဒီဇင်ဘာ ၆ ရက်နေ့ကစဖမ်းတာ၊ လိုင်စင်မဲ့တွေအပါအဝင်ပေါ့ လိုင်စင်ရှိတာတောင် အထောက်အထားမပြနိုင်ရင်လဲ ဖမ်းတယ်၊ ကားဆိုရင် လူပါဖမ်းသွားတယ်၊ နောက်တစ်နေ့ ငွေနဲ့ သွားပြန်ရွေးရတယ်၊ ဆိုင်ကယ်အလိုက် ဒဏ်ငွေသဘော ၅ သောင်း ပေးရတယ်၊ ကားဆိုရင် သိန်းဂဏန်းပေါ့၊ ရွာကလူတွေအတွက်တော့ အခက်အခဲကြီးတယ်၊ ပွင့်လင်းရာသီ အလုပ်တွေနဲ့ မြို့ကို အဝင်အထွက်ကရှိတယ်လေ၊ ရွာက ခုဆို ဘယ်သူမှ မသွားရဲသေးဘူး၊ အချက်အလက်အားလုံးစုံရင် ဖုန်းပါစစ်လိုက်တယ်၊ စိတ်တိုင်းမကျရင် ရစ်နေရော၊ အချို့ကလည်း ငွေပေးပြီး ပေးသွားတာလဲတွေ့ရတယ်”
ထိုပြင် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ကာ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်များအနေဖြင့် မြို့အဝင်အထွက်အစစ်ဆေးများလာခြင်း၊ မြို့တွင်း နေ့ည ကင်းလှည့်ခြင်း၊ ကင်းပုန်းချထားခြင်းကို ပိုမိုဆောင်ရွက်လာပြီး အချို့ကျေးရွာလမ်းပိုင်းတွင် လုံခြုံရေးအရဟုဆိုကာ ယာဉ်များကိုစစ်ဆေးပြီး ငွေကြေးများ တောင်းခံနေသည်ဟုလည်း ဒေသခံများက ပြောကြားသည်။
“လုံခြုံရေး တိုးမြှင့်ချလာပြီး ခုလိုဖမ်းတာလဲ ဆိုနိုင်တယ်၊ PDF တွေက ရွာလမ်းတွေကနေ လာလာပစ်နေတယ် နောက်ပြီးတော့အချို့ PDF တွေလာတတ်တဲ့ ရွာချင်းဆက်လမ်းတွေကိုလည်း တပ်ကပိတ်တားတာရှိတော့ အရမ်းခက်ခဲနေကြတယ် ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် လိုင်စင်မဲ့ယာဉ်များအနေဖြင်း မြို့ပေါ်မှ မြိုအပြင်သို့လည်းကောင်း၊ ကျေးရွာများနှင့် မြို့အပြင်နေထိုင်သူများများအနေဖြင့် မြို့ပေါ်သို့ ဝင်ထွက်သွားလာခြင်းမပြုကြရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အသိပေးလျက်ရှိနေကြောင်း သိရသည်။