မွန်ပြည်နယ် ကျိုက်ထို နှင့် သထုံခရိုင်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ (၆) ရက်နေ့မှစတင်ကာ ဒေသန္တရအမိန့်ဖောက်ဖျက်သူများအား စီမံချက်ဖြင့် ဖမ်းဆီးနေကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ် နှင့် သထုံခရိုင် သထုံမြို့နယ် နှင့် ပေါင်မြို့နယ်များအတွင်း ဒီဇင်ဘာလ (၆) ရက်နေ့မှ (၉) ရက်နေ့အထိဒေသန္တရမိန့် ဖောက်ဖျက်မှုများကြောင့် ဒေသခံ (၆၀) ဦးထက်မနည်း ဖမ်းဆီးထားကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦး က ပြောကြားသည်။
“ကျိုက်ထိုရော သထုံခရိုင်အတွင်းမှာပါ ဆိုင်ကယ်ကို အမျိုးသားနှစ်ယောက် မစီးရတာတို့၊ ည မထွက်ရအမိန့်တို့ ပါဝင်တဲ့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ထားတာမျိုးရှိတယ်။ အဓိကက အဲ့ဒီဒေသန္တရအမိန့်ဖောက်ဖျက်သူတွေကို ဖမ်းဆီးထားတာမျိုးတွေ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဖမ်းဆီးရမိသူများထဲမှ အသက် (၁၈) နှစ်မှ (၃၅) နှစ်ကြား လူငယ်များနှင့် အမျိုးသားများအား ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်သွားမည်ဟုလည်း ကြားသိရကြောင်း ဒေသန္တရအမိန့်ဖောက်ဖျက်သူများအား ဖမ်းဆီးအရေးယူရန်၊ တစ်လစီမံချက်ရှိသည့်အတွက်ကြောင့် လူငယ်များအနေဖြင့် သတိပြုသွားလာကြရန်လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထိုသို့ ဒေသန္တရအမိန့်ဖျောက်မှုဖြင့် ဖမ်းဆီးခံထားရသူများအနက် ငွေကြေးတတ်နိုင်သူများထံမှ ကျပ်သိန်းဆယ်ဂဏန်း ငွေကြေးများရယူကာ ပြန်လွှတ်ပေးခြင်းမျိုးများရှိကြောင်း ကျိုက်ထိုဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
မွန်ပြည်နယ်အတွင်း ချောင်းဆုံမြို့နယ်အပ ကျန်မြို့နယ် (၉) မြို့နယ်လုံးတွင် ညမထွက်ရအမိန့်များ ထုတ်ပြန်ထားသည့်အပြင်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ အစရှိသည့်မြို့နယ်များအတွင်း ဒေသန္တရအမိန့်များထုတ်ပြန်ထားကာ၊ ရေးမြို့နယ်တွင်မူ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသည်။