၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှ ကိုးကန့်တပ်မတော် MNDAA က တဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပြီး စစ်ကောင်စီတပ်ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်တော့မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုအပေါ် တက်တက်ကြွကြွပါဝင်ပြီး လားရှိုးတိုက်ပွဲအပါအဝင် နှစ်ဖက်တပ်ကြား ဖြစ်နေသည့်ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးရေးနည်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း MNDAA က ဆိုသည်။
ကိုးကန့်တပ်မတော်အနေဖြင့် မြန်မာနိုင်ငံမှ ခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်မည် မဟုတ်သလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် တောင်းဆိုနေခြင်းသာဖြစ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ခေါ်) MNDAA (ကိုးကန့်) စစ်ရေးကော်မတီက ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် ကိုးကန့်တပ်မတော် (MNDAA) က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တရုတ်အစိုးရ မြောက်ပိုင်းဒေသထိုးစစ်များကို သတိပေးတားမြစ်မှုများ ပြုလုပ်လာခဲ့သည်ကို တွေ့ရသည်။
မြန်မာ့ရေးရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွမ်းက “လောက်ကိုင်က မိသားစုကြီး (၄)စု ပျက်စီးရခြင်းအကြောင်းက တရုတ်နိုင်ငံကိုဆန့်ကျင်လို့ပဲ။ မင်းတို့ “ဖုန်” မိသားစုလည်း အဲဒီကနေသင်ခန်း စာယူလို့ရတယ်။ ကိုးကန့်ဒေသဟာ မိသားစုကြီး (၄)စုမရှိဘဲ ခရီးဆက်လို့ရသလို မင်းတို့ “ဖုန်” မိသားစု မရှိလည်း ရှင်သန်လို့ရတယ်” ဟု ဖုန်တာရွှင့်၏ သားဖြစ်သူဖုန်ခွင်းကို သတိပေးပြောဆိုခဲ့ဘူးသည်။
တရုတ်နိုင်ငံက ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ခေါင်းဆောင် ဦးဖုန်တာရွှင်ကို ပြီးခဲ့သည့် အောက်တိုဘာလကတည်းက ဖမ်းဆီးထားသည့်သတင်းများ ထွက်ပေါ်နေသော်လည်း ၄င်းမှာ ကျန်းမာရေးဆေးကုသခံယူနေရပြီး အခြေအနေကောင်းမွန်စွာရှိကြောင်း တရုတ်အစိုးရက ပြောဆိုခဲ့သည်။
အလားတူ စစ်ကောင်စီကို တိုက်ခိုက်နေသည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ထိုးစစ်များ မရပ်ပါက ကြောက်ရွံ့အောင် ဆုံးမမည်ဟုလည်း တရုတ်က စာပို့ခြိမ်းခြောက်ခဲ့သည်။
ထိုနောက် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုဖြင့် စစ်ဘေးဒဏ်သင့် ပြည်သူများကို ငဲ့ညှာမှုတွေကြောင့် လက်ရှိဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကို အဆုံးသတ်ရေး စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အဆင့်သင့်ရှိကြောင်း တအာင်းအဖွဲ့ TNLA က နိုဝင်ဘာ ၂၅ နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ် ဖြစ်ပွား၍ မရခြင်း၊ အာဆီယံ မိသားစု၏လမ်းကြောင်းမှ ကင်းကွာသွား၍ မရခြင်း၊ ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုတို့ကို ခွင့်မပြုခြင်း စသည့်စည်း (၃) စည်းကို တားမြစ်ထားသည်။
Photo- MNDAA