လာမည့် ဒီဇင်လာလ (၂၈) ရက် နှင့် (၂၉) ရက်နေ့များတွင် မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ Strand Hotel တွင် ကျင်းပြုလုပ်မည့် ကုန်စည်ပြပွဲနှင့် အတူ စီးပွားရေးဆိုင်ရာဟောပြောပွဲအတွက် လက်မှတ်တစ်စောင် ကျပ် (၆) သိန်းနီးပါးနှုန်းထားဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ထို စီးပွားရေးဆိုင်ရာဟောပြောပွဲအတွက် လက်မှတ်ဈေးနှုန်းများမှာ VIP Ticket 595,000 MMK (နေ့လည်စာနှင့် Dinner ပါဝင်မည်) Standard Ticket 345,000 MMK (နေ့လည်စာပါဝင်မည်) Online Zoom Ticket 90,000 MMK သတ်မှတ်ထားသည်။
အခွင့်အလမ်းဟာ သင့်ရှေ့မှောက်မှာ တံခါးလာမခေါက်ဘူးဆိုသည့် ဆိုရိုးအတိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်မှာရှိတဲ့ စီးပွားရေးကို စိတ်ဝင်စားသည့် သူတွေအတွက် စီးပွားရေးဆိုင်ရာ ဟောပြောပွဲနှင့် ကုန်စည်ပြပွဲတစ်ရပ်ကို ကြီးကျယ်ခမ်းနားစွာဖြင့် မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဟု ပွဲစီစဉ်သည့် မွန်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဒီ ကုန်စည်ပြပွဲနဲ့ စီးပွားရေးဆိုင်ရာဟောပြောပွဲက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များစွာကို ဖန်တီးပေးမယ့် အစီအစဉ်ဖြစ်လာပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ စီးပွားဆိုင်ရာဟောပြောပွဲတွင် မွန်ပြည်နယ်ရှိ အထင်ကရ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးမိုးကျော် (ဥက္ကဌ – ငွေမိုးစီးပွားရေးလုပ်ငန်းစု) အပါအဝင်၊ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက် (Managing Director, Communication Service Group Co., Ltd) ၊ဆရာ ဇင်ဖြိုးပိုင် (Founder of MESI University)၊ ဆရာ လင်းသိုက်ညွန့် (မြန်မာ့မြေ) Founder & CEO (ML Institute)၊ ဆရာ နိုင်ဗညားအိန် (Freelance Consultant)၊ ဆရာ မင်းသိန်းထွန်းဦး၊ (Leadership & NLP Training, Business Consultant & Coach)၊ ဦးအောင်မျိုးဝင်း (Founder of JUST Hair Group)၊ ဦးထွန်းလွင် (CEO – Monsi Group Co.,Ltd) ဦးဝင်းနိုင်ဦး (General Manager, Southern Myanmar, AYA Bank) တို့က စီးပွားရေးဆိုင်ရာများ ဟောပြောကြမည် ဖြစ်သည်။
ထို့အပြင် ကုန်စည်ပြပွဲဆိုင်ခန်းအတွက် အကျယ်အဝန်း (၁၀) ပေ ပတ်လည် ဆိုင်ခန်း ၁ ခန်းလျှင် (၄) သိန်းကျပ် သတ်မှတ်ထားပြီး ပထမဆုံး ဆိုင်ခန်းယူမည့် (၁၀) ဦးအတွက် တစ်ခန်းလျှင် (၃) သိန်းနှုန်းဖြင့် သတ်မှတ်ပေးသွားမည်ဟု ပွဲစီစဉ်သူများက ကြေညာထားသည်။
Photo- စီးပွားရေးဆိုင်ရာဟောပြောပွဲကြော်ငြာ