ရေးခရိုင်၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးအများစုအနေဖြင့် မိမိတို့အတွက် လုံခြုံရေးစိတ်မချရခြင်းကြောင့် အသက်အန္တရယ်စိုးရိမ်ရသဖြင့် ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆန္ဒမရှိတော့ကြောင်း သိရသည်။
ယခုနှစ်ပွင့်လင်းရာသီမှစတင်၍ ရေးဘီးလူးအဖွဲ့မှ မြို့နှင့် မလှမ်းမကမ်းတွင် ခပ်စိတ်စိတ်လှုပ်ရှားလာကြောင်း၊ ၎င်းတို့လှုပ်ရှားလာသည့်နယ်မြေများသည် စစ်ကောင်စီတပ်ရင်းများနှင့် တစ်မိုင်၊ နှစ်မိုင်အတွင်းသာရှိသော်လည်း စစ်ကောင်စီမှ လိုက်လံချေမှုန်းတိုက်ခိုက်နိုင်စွမ်း မရှိကြောင်း၊ စစ်တပ်သည် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များအား ကာကွယ်စောင့်ရှောက်ပေးနိုင်မည်မဟုတ်ကြောင်း ယူဆရသဖြင့် ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆန္ဒမရှိလာခြင်းဖြစ်ကြောင်း ကျေးရွာရပ်မိရပ်ဖကော်မတီဝင်တစ်ဦးက ပြောသည်။
” မနေ့ညမှာ ရေးဘီးလူးက ကျေးရွာအဖွဲ့ဝင်လို့တော့ပြောတယ်၊ ခေါင်းဖြတ်သတ်တဲ့ဗီဒီယိုဖိုင်ပျံ့လာတော့ ရပ်ကျေးတွေအားလုံးလည်း သိသွားကြတယ်၊ အတော်များများသွေးပျက်သွားကြတယ်လို့သိရတယ်၊ သူတို့ရဲ့မိသားစုဝင်၊ ကျွန်တော့်ရဲ့မိသားစုဝငတွေအပါအဝင်ပေါ့လေ၊ မလုပ်စေချင်ကြတော့ဘူး၊ ၆၀ ရာခိုင်နှုန်းလောက်ကတော့ ကိုယ့်ရပ်ကိုယ့်ရွအေးချမ်းအောင်ထိန်းပေးချင်လို့ လုပ်ကြတာချည်းပါ၊ ကျန်တာတော့မသိဘူးပေါ့လေ၊ သူကတော့ မလုပ်ရဲအောင် လုပ်ပြတာနေမှာပေါ့ ” ဟု ရေးတောင်ပိုင်းကျေးရွာရှိ ရပ်မိရပ်ဖအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့်လက ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ရေးဘီးလူးအဖွဲ့ လာရောက်ပစ်ခတ်ခဲ့ရာတွင်လည်း တပ်ရင်းမှနေ၍ ၅ မိနစ်အတွင်း အရောက်လာနိုင်သော်လည်း လာရောက်ခြင်းမရှိခဲ့ဘဲ ဖြစ်စဉ်ပြီးကြာမြင့်မှသာ လာရောက်စစ်ဆေးခြင်းများသာရှိကြောင်း ရေးမြို့ခံ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။
၄င်းက ”ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီလိုအားပေးရင် ဒီလိုတွေကြုံရမယ်၊ ဒီလိုတွေလုပ်ရင် ဒီလိုတွေဖြစ်မယ်ဆိုတာ သူတို့အစည်းအဝေးတွေမှာ ကြိမ်းနေကြပဲလေ၊ တစ်ခုခုဆို တပ်အနေနဲ့ လာပြီးအကာအကွယ်မလုပ်ပေးဘူးဆိုတာ မြင်လာရတယ်၊ မင်းတို့အားပေးရင် မင်းတို့ခံသဘောမျိုးဖြစ်နေတော့ အမှန်အကန်ပြည်သူတွေအတွက် အမုန်းခံပြီး ကျားကန်လုပ်ပေးနေကြတဲ့သူတွေ ထွက်သွားရင် ပြည်သူတွေပဲနစ်နာကြမှာ၊ ဘာမဟုတ်တဲ့သူတွေတက်လာရင် မလွယ်ဘူးလေ၊ တပ်ကလည်း ဟိုဘက်က အဲ့လိုလုပ်ပြလေ ကြိုက်လေပုံစံဖြစ်နေတယ် ” ဟု ပြောသည်။
Photo-ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး