ပြီးခဲ့သည့် ဇွန်လအတွင်း ဘီလူးအဖွဲ့က လူတစ်ဦးကို သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ခုံရုံးဖွဲ့စစ်ဆေးမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာသည်။
ရေးဘီလူးအပါအဝင် ၄င်းအဖွဲ့ဝင်များသည် ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာမှ ပျူစောထီးဆိုသူတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဆိုသော ဗီဒီယိုဖိုင်တခု မကြာမီက ထွက်ပေါ်လာပြီးနောက် လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်ပြောဆိုသံများ ဆူညံစွာထွက်ပေါ်လာကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဘီဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။
ရေးဘီလူးအဖွဲ့ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များက လူတဦးကို ဦးခေါင်းနှင့် ခြေ၊လက်အင်္ဂါများကို ဖြတ်တောက်ခြင်း၊ ရုပ်အလောင်း၏ဦးခေါင်းကို ကန်ကျောက်ခြင်းတို့ ပြုလုပ်နေသည့်ရုပ်သံဖိုင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့မှစတင်ကာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေက “ဒီကိစ္စကို ကျနော်တို့ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးသွားဖို့ ရှိပါတယ်။ ပြီးတော့မှ တွေ့ရှိချက်ပေါ်မူတည်ပြီး တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ့် ကိစ္စတွေကလည်း ဆက်ပြီးတော့ လုပ်သွားဖို့ ရှိပါတယ်” ဟု မဇ္ဈိမသတင်းသို့ ပြောခဲ့သည်။
မြန်မာနိုင်ငံ၏ ပဋိပက္ခတွေထဲမှာ ပါဝင်နေသော အဖွဲ့အားလုံးအနေဖြင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လိုက်နာဖို့လိုအပ်ကြောင်း နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့ Fortify Rights က ထောက်ပြထားသည်။