အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်နှစ်လျှင် (၄)ကြိမ် ထောက်ပံ့ကြေးပေးအပ်လျက်လာခဲ့ပြီး ယခုနှစ်ဘဏ္ဍာရေးနှစ်ကစတင်၍ တစ်နှစ်လျှင် (၂) ကြိမ်သာ ထောက်ပံ့ပေးမည်ဟုဆိုသော်လည်း မွန်ပြည်နယ်၊ ရေးခရိုင်အတွင်းရှိ သက်ကြီးဘိုးဘွားများအနေဖြင့် တစ်နှစ်နီးပါးကြာသည်အထိ သက်ဆိုင်ရာမှ ထောက်ပံ့မှုပေးအပ်နိုင်ခြင်း မရရှိသေးကြောင်း သိရသည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက “အရင်က(၃)လပေါင်းတစ်ကြိမ် ငွေကျပ်သုံးသောင်းနှုန်းနဲ့ အရင်က တစ်နှစ်မှာ ၄ ကြိမ်ထောက်ပံ့နိုင်ပေမယ့် ခုဘဏ္ဍာရေးနှစ်ကစလို့ တစ်နှစ်မှာ (၂)ကြိမ် ပြောင်းလဲထောက်ပံ့ပေးသွားတော့မှာပါ၊ အရင်က တစ်နှစ်မှာ တစ်သိန်းနှစ်သောင်း ခုက တစ်နှစ်မှာ ခြောက်သောင်းပေါ့၊ လျော့သွားတာပေါ့လေ၊ ဒါပေမယ့် အဲ့ ၂ ကြိမ်လဲ ခုထိမပေးနိုင်သေးပါဘူး၊ အထက်က စိစစ်ဆဲလို့သာ သိထားပါတယ် ” ဟု ပြောကြားသည်။
မွန်ပြည်နယ်အတွင်း သက်ကြီးဘိုးဘွားအများဆုံးဖြစ်သည့် ရေးမြို့နယ်တွင် ဘိုးဘွားဦးရေ ၁၁၀၀ ကျော်ရှိနေပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစတင်ကာ တစ်လတစ်သောင်းနှုန်းဖြင့် ၃ လတစ်တကြိမ် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးလာခဲ့ခြင်း ဖြစ်သည်။
” ဘာလို့မရလဲမေးကြည့်တော့ စာရင်းကိုပြန်ပြီးပြုစုနေလို့တဲ့၊ ကျွန်တော်တို့ရပ်ကျေးတွေအနေနဲ့လည်း လက်ရှိဘိုးဘွားတွေရဲ့ နောက်ဆုံးစာရင်းတွေကို အရင်ကလိုပဲ ပေးနေကြပါပဲ၊ ထူးပြီးတော့ သိပ်လည်းလုပ်စရာတော့မလိုဘူး၊ ငွေကြေးအရသိပ်တော့မများပေမယ့် မျှော်နေတဲ့ဘိုးဘွားတွေကတော့ ကြုံတိုင်းတော့ မေးကြတာပေါ့၊ ခုက အရင်ကထက်လည်းပေးတာနည်းသွားတဲ့အပြင် ရတောင်မရတော့တဲ့အနေအထားဖြစ်နေတယ်၊ မရသေးဘူးလားပေါ့၊ မပေးနိုင်တော့ဘူးဆိုလဲ မပေးနိုင်တော့ဘူးအသိပေးစေချင်ပါတယ် ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် မြို့ပြများထက် ကျေးလက်ဒေသများတွင် သက်ကြီးရွယ်အိုဦးရေပိုမိုများပြားြပြီး မကွေး၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် သက်ကြီးရွယ်အိုဦးရေ ပမာဏတိုးပွားလာမှု အမြင့်ဆုံးဖြစ်ကြောင်းနှင့် လက်ရှိနှုန်းအတိုင်း ဆက်လက်တိုးပွားမည်ဆိုပါက ၂၀၃ဝပြည့်နှစ်၌ အချက်အချာကျသော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုဦးရေ တိုးနှုန်းအမြင့်ဆုံးဖြစ်သည့် အခြေအနေများ ကြုံတွေ့လာရမည် ဖြစ်သည်။
Photo-သက်ကြီးရွယ်အို ဘိုးဘွားများ