ပြီးခဲ့သည့် မိုးရာသီကာလအတွင်း မိုးစပါးစိုက်ပျိုးထားသည့် လယ်ကွင်းများ ရေကြီးနစ်မြှုပ်ခြင်း နှင့် စပါးပင်များ ရင့်မှဲ့ချိန်တွင် အဖျက်ပိုးကျခြင်းများကြောင့် မွန်ပြည်နယ်အတွင်း မိုးစပါးအထွက်နှုန်းကျဆင်းပြီး၊ တောင်သူများအနေဖြင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ မိုးစပါးချေးငွေ မဆပ်နိုင်ဖြစ်နေကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။
ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါးများစိုက်ပျိုးထားသည့် လယ်ကွင်းများ နှစ်ကြိမ်ခန့်ရေကြီးနစ်မြှုပ်ခဲ့သည့်အပြင် စပါးပင်များ ရင့်မှဲ့ချိန်တွင်လည်း အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းများကြောင့် ထိခိုက်ပျက်စီးမှုများစွာရှိခဲ့ကြောင်း ပေါင်မြို့နယ်မှ စပါးစိုက်တောင်သူတစ်ဦးက ပြေကြားသည်။
“အဲ့ဒီအပြင်ကို စပါးပင်တွေ အဖျက်ပိုးတွေလည်းကျတယ်။ အဲ့ဒီတော့ စပါးအထွက်နှုန်းက သိသိသာသာကိုကျသွားတယ်။ အရင်တစ်ဧက တင်း (၄၀) လောက်ထွက်တဲ့လယ်ရဲ့ အထွက်နှုန်းက (၂၅) တင်းတောင်မပြည့်တော့ဘူး” ဟု ၎င်းတောင်သူက ဆက်လက်ပြောကြားသည်။
ထို့အပြင် အစိုးရသတ်မှတ်သည့် စပါးဈေးမှာလည်း တင်း ၁၀၀ ကျပ်ကိုးသိန်းခွဲသာရှိသောကြောင့် ဈေးကောင်းမရသည့်အတွက်ကြောင့် မိုးစပါးစိုက်တောင်သူများအနေဖြင့် တွက်ခြေမကိုက်သည့်အပြင်၊ မိုးစပါးချေးငွေကိုလည်း ပြန်မဆပ်နိုင်ကြသေးကြောင်း နှင့် ထိုအခြေအနေကြောင့် မိုးစပါးချေးငွေပြန်ဆပ်ရမည့် ကာလအား ဖြေလျော့ပေးစေလိုကြောင်း ၎င်းတောင်သူက ဆိုသည်။
(၂၀၂၃) ခုနှစ် မိုးစပါးစိုက်ပျိုးကာလကတည်းက မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ မိုးစပါးချေးငွေ ရယူထားသည့် တောင်သူများအနေဖြင့်လည်း ချေးငွေအကျေမဆပ်နိုင်သည့်အတွက်ကြောင့် (၂၀၂၄) ခုနှစ် မိုးစပါးချေးငွေ ချေးယူခွင့်မရကြကြောင်း နှင့် ချေးငွေအကျေဆပ်ပြီးမှသာလျှင် နောက်ထပ်စိုက်ပျိုးချေးငွေများ ပြန်လည်ချေးယူခွင့်ရမှာဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။
လက်ရှိ မိုးစပါးစိုက်ပျိုးချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလဖြစ်နေသော်လည်း တောင်သူများအနေဖြင့် ချေးငွေမဆပ်နိုင်သည့်အတွက်ကြောင့် ပိုင်ဆိုင်မှုတချို့အား ရောင်းချခြင်း၊ ပေါင်နှံခြင်းများလုပ်ဆောင်ကာ ချေးငွေဆပ်ခဲ့ရသည့် တောင်သူများလည်း ရှိကြောင်း ဘီးလင်းမြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားသည်။
“မိုးစပါးချေးငွေကို သတ်မှတ်ကာလအတွင်းမှာ မဆပ်နိုင်ရင်၊ သတ်မှတ်ကာလကျော်လွန်သွားရင် အတိုးပေးပြီး ဆပ်ရတယ်။ အဲ့ဒီတော့ တောင်သူတွေက မိုးစပါးချေးငွေဆပ်နိုင်ဖို့အတွက်ကို အပြင်မှာ ငွေတိုးနဲ့ပိုက်ဆံချေးပြီးတော့ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှာ မိုးစပါးချေးငွေဆပ်ကြရတယ်။ အဲ့ဒီတော့ တချို့တောင်သူတွေဆိုရင် အပြင်မှာလည်းငွေတိုးပေးကြရလို၊ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်ကိုလည်း ချေးငွေဆပ်တဲ့ကာလကျော်လွန်သွားလို့ အတိုးပေးရတာမျိုးတွေ ဖြစ်နေကြတယ်” ဟု ၎င်းတောင်သူက ဆက်လက်ပြောကြားသည်။
ယခုနှစ်မိုးရာသီကာလအတွင်း မွန်ပြည်နယ်၌ မိုးစပါးစိုက်ပျိုးဧက (၁၉၀၀၀၀) ကျော်အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်သန်းပေါင်း (၂၈၀၀၀၀) ကျော် ထုတ်ချေးပေးထားကြောင်း မွန်ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်နှင့် နီးစပ်သူထံမှ သိရသည်။
Photo-စပါးပင်များ