ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ဘက်မှ မြဝတီမြိုဘက်သို့ တရားမဝင်သွယ်တန်းထားသည့် အင်တာနက် ကေဘယ်ကြိုးများအား ထိုင်းအာဏာပိုင်များမှ ဖြတ်တောက်ခဲ့ကြောင်း သိရသည်။
ထိုင်း – မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ခြမ်းမှ သောင်ရင်းမြစ်အားဖြတ်ကာ မြန်မာနိုင်ငံ မြဝတီဒေသ ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းများသို့ တရားမဝင်အင်တာနက်ကေဘယ်ကြိုးများ ချိတ်ဆက်အသုံးပြုနေကြောင်း ထိုင်းသတင်းမီဒီယာများက ဖေါ်ထုတ်ရေးသားမှုများကြောင့် ထိုင်းအာဏာပိုင်များမှ ထို တရားမဝင် အင်တာနက်ကေဘယ်ကြိုးများအား ပြီးခဲ့သည့် ဒီဇင်ဘာလ (၂) ရက်နေ့က ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
အဆိုပါ ထိုင်း – မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးတွင် တရားမဝင် သွယ်တန်းထားသော အင်တာနက်ကေဘယ်ကြီုးကြီး (၁၆) ချောင်းအား ထိုင်းအာဏာပိုင်များမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း နှင့် ထို အင်တာနက် ကေဘယ်ကြိုးကြီးများအား သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းခဲ့သည့်အပြင် ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူများအား ဖေါ်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ (၃) ရက်နေ့က ထိုင်းအာဏာပိုင်များမှ မဲဆောက်မြို့တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီမြို့တွင် ဖုန်းပြောဆိုရာ၌ ပြည်တွင်းရှိ မိုဘိုင်းဖုန်းအော်ပရေတာများရှိသော်လည်း အင်တာနက်အသုံးပြုမှုတွင်မူ ထိုင်းနိုင်ငံဘက်ခြမ်းမှ အင်တာနက်လိုင်းများအား အသုံးပြုလျှက်ရှိကြောင်း မြဝတီဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။
ထိုင်း – မြန်မာနယ်စပ်၊ မြဝတီဒေသရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ကျားဖြန့်လုပ်ငန်းများ အကြီးအကျယ်လုပ်ဆောင်နေကြသည့်အပြင်၊ နောက်ထပ် ထိုင်း – မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့တွင်လည်း ကျားဖြန့်လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။
Photo Credit – AEC Thai News