ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော ငါးဖမ်းလုပ်သမား ၃၁ ဦးအနက် ထိုင်းငါးဖမ်းသမား ၄ ယောက်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီး ကျန်ရှိနေသည့် မြန်မာနိုင်ငံသား ငါးဖမ်းသမားများကို ဆက်လက်ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
လွတ်မြောက်လာသူ ထိုင်းနိုင်ငံသား ၄ ဦးကို ပြန်လက်ခံရန် သက်ဆိုင်ရာနယ်စပ်ဂိတ်၌ ထိုင်းအရာရှိများ စောင့်ဆိုင်းနေကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Nikorndej Balankura က ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
နယ်မြေကျူးကျော်လာသည့် ထိုင်းငါးဖမ်းစစ်လှေများကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်ညပိုင်းအချိန်က မြန်မာရေတပ်ပစ်ခတ်မှုကြောင့် ရေလုပ်သား တဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့သလို လက်ရှိလွှတ်မြောက်လာသည့် ထိုင်းနိုင်ငံသား ၄ ယောက်အပါအဝင် မြန်မာနိုင်ငံသား ရေလုပ်သားများ အပါ စုစုပေါင်း ၃၁ ယောက်ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။
သို့ရာတွင် အဆိုပါ ထိုင်းငါးဖမ်းစက်လှေပေါ်က ဖမ်းမိသူ မြန်မာနိုင်ငံသား ရေလုပ်သား ၂၇ ယောက်၏ အခြေအနေ အတိအကျကို မသိရသော်လည်း အကြမ်းဖက်အဖွဲ့များအား လက်နက်မဟုတ်သည့်အရာများ ဆက်နွယ်မှုတွေ့ရှိရသည့်အတွက် စုံစမ်းစစ်ဆေးနေဆဲကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
ထိုင်း-မြန်မာနယ်စပ် ရနောင်း အနီး မြန်မာ ရေပိုင်နက်ထဲ ရေပိုင်နက် ၇- ၁၀ ကီလိုမီတာကြား ဝင်ရောက်ခဲ့သော ထိုင်း ငါးဖမ်းလှေ ၁၅ စီးအနက် ၂ စီးကို မြန်မာစစ်တပ်က ပစ်ခတ်ခဲ့ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
အဆိုပါ အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးအား လုံးဝလက်မခံကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က ကန့်ကွက်လိုက်ပြီး ဘန်ကောက်ရှိ မြန်မာသံအမတ်ကြီးကို ထိုင်းအစိုးရက ဆင့်ခေါ်ပြောဆိုခဲ့သည်။