စာသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်သည့် သင့်တင့်မျှတသောဆန်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်မည်ဟုဆိုပြီးနောက် ယခုအခါ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။
ဆန်များကိုပြည်ပတင်ပို့နေသည့်အပြင် ရေကြီးသဖြင့် စပါးခင်းများပျက်စီးခြင်းတို့ကြောင့် ဆန်ဈေးများတက်လာကြောင်း၊ အောက်ခြေရောင်းဝယ်နေသူများအရေးယူခြင်းထက် အထက်ကုန်သည်ကြီးများကို အဆင့်ဆင့်စိစစ်ကာ ဖော်ထုတ်အရေးယူစေလိုကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူများက ပြောကြားသည်။
မော်လမြိုင်မှ ဆန်အရောင်းကိုယ်စားလှယ်တစ်ဦးက “ဘာပဲပြောပြောပါ၊ စရိတ်စကနဲ့ဘာနဲ့စပါးဈေးက ရည်ညွန်းသတ်မှတ်ထားပေမယ့် တကယ်လဲ အဲ့လိုရောင်းလို့မရလို့ အဆင်မပြေနေဘူး၊ တက်တာတော့တက်မှာပဲ၊ သဘာဝကျကျလေးဖြစ်သင့်တာဖြစစေချင်ပါတယ်၊ လက်ရှိက ရွှေဘိုဆိုတစ်အိတ် ၁၄၅၀၀၀ သတ်မှတ်တယ်၊ တကယ့်အပြင်မှာက ၂ သိန်းနီးပါးတောင်၊ အဲ့လိုကွာတယ်၊ သူတို့အနေနဲ့ ဆန်ကိုသတ်မှတ်ဈေးအတိုင်းရောင်းစေချင်ရင် သူတို့ကိုယ်တိုင်ပဲ ရည်ညွန်းဈေးအတိုင်းပဲရောင်းပေးပါ၊ ကျွန်တော်တို့လည်း ထိုက်သင့်တဲ့အမြတ်နဲ့ပြနရောင်းမှာပါ၊ အောက်ခြေကတော့ တစ်အိတ်ကို အများကြီးတိုးလိုက်လို့ မချမ်းသာသွားကြပါဘူး၊ အပေါ်ကတက်လို့သာ ကျွန်တော်တို့လိုက်တက်နေရတာပါ၊ အဆင့်ဆင့်စိစစ်ဖော်ထုတစေချင်ပါတယ်၊ ဒါမှလည်း စားသုံးသူတွေသက်သာမှလေ ” ဟု ပြောကြားသည်။
သို့ရာတွင် အစိုးရသတ်မှတ်သည့် ဧည့်မထအုပ်စု စပါးဈေးမှာ တင်း ၁၀၀ ကျပ်ကိုးသိန်းခွဲသာရှိနေပြီး ဈေးကောင်းမရသည့်အတွက် မိုးစပါးစိုက်တောင်သူများအနေဖြင့် မိုးစပါးချေးငွေကိုလည်း ပြန်မဆပ်နိုင်ကြသေးကြောင်း သိရသည်။
ပြည်တွင်း၌စားသုံးနေကြသည့် ဆန်အမျိုးအစားများ ဖြစ်ကြသည့် ဧရာဝတီပေါ်ဆန်း၊၊ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော၊ မနောသုခ စသည့်တို့ကို သိုလှောင်ပြီးဈေးကစားမှုများ မဆောင်ရွက်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ (၅)အရ တရားစွဲဆိုခြင်းနှင့် ဒဏ်ငွေအခွန်ငွေသတ်မှတ်ပေးဆောင်စေမည်ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
Photo- လယ်သမားနှင့် စပါးထုတ်လုပ်နေပုံ