သထုံမြို့နယ် နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားဗိမာန်တော်တွင် ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်) ပအိုဝ်းသက္ကရာဇ် (၂၇၁၆) ခုနှစ်၊ နတ်တော်လဆန်း (၁) ရက်နေ့တွင် ကျရောက်သည့် နဝမအကြိမ်မြောက် ပအိုဝ်းနှစ်သစ်ကူးနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို ပအိုဝ်းနှစ်သစ်ကူးနေ့ အခမ်းအနားတွင် မွန်ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ နာယက၊ ဘီးလင်းမြို့နယ်၊ ခဲမောက်စင်္ကာပူကျောင်း ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ စန္ဒဝံသထံမှ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ နှစ်သစ်ကူးဩဝါဒစကား နာကြားကြပြီးနောက်၊ ပအိုဝ်းသမိုင်းသုတေသီ ဦးခွန်ထွန်းရှိန် က ပအိုဝ်းအမျိုးသားတို့၏ နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မွန်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန မှ ညွန်ကြားရေးမှူး မှ ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ထံသို့ ရံပုံငွေအဖြစ် ကျပ်သိန်း (၁၀၀) အား ပေးအပ်လှူဒါန်းခဲ့ကြောင်း နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ပအိုဝ်းတိုင်းရင်းသားရိုးရာအကများ ယိမ်းအကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်းလည်း သိရသည်။
ပအိုဝ်းနှစ်သစ်ကူးနေ့ အား (၂၀၁၆) ခုနှစ်မှစတင်ကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်တွင် နဝမအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“ပအိုဝ်းသက္ကရာဇ် (၂၇၀၈) ခုနှစ် နတ်တော်လဆန်း (၁) ရက်နေ့၊ ခရစ်နှစ် (၂၀၁၆) ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့မှာ ပအိုဝ်းနှစ်သစ်ကူးနေ့ ကို သထုံမြို့ ရွှေစာရံစေတီတော်ဘုရားဝန်းအတွင်းက သာသနာ့ဗိမာန်တော်ကြီးမှာ စတင်ကျင်းပပြုလုပ်ခဲ့တာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပအိုဝ်းသက္ကရာဇ် (၂၇၀၈) မှ (၂၇၁၅) ခုနှစ်အထိ ပအိုဝ်းနှစ်သစ်ကူးနေ့ အခမ်းအနားများအား မွန်ပြည်နယ် ပေါင်မြို့နယ်၊ သထုံမြို့၊ ကရင်ပြည်နယ် ဘားအံမြို့နှင့် သာမညကျေးရွာများတွင် ကျင်းပပြုလုပ်ခဲ့ဖူးကြောင်း ၎င်းက ဆိုသည်။
ပအိုဝ်းနှစ်သစ်ကူးနေ့ အား မွန်ပြည်နယ် သထုံမြို့ရှိ သုဝဏ္ဏခန်းမတွင် ပြီးခဲ့သည့် (၂၀၁၅) ခုနှစ် ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ပအိုဝ်းအမျိုးသားနှီးနှောပွဲသို့ တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များမှ နတ်တော်လဆန်း (၁) ရက်နေ့အား ပအိုဝ်းနှစ်သစ်ကူးနေ့ အဖြစ် ဆုံးဖြတ်အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နတ်တော်လဆန်း (၁) ရက်နေ့သည် ဂေါတမမြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သထုံပြည်သို့ ကြွရောက်လာခဲ့သည့် နေ့ထူးနေ့မြတ်လည်းဖြစ်သည့်အတွက်ကြောင့် ထိုနေ့အား ပအိုဝ်းတို့၏ အစဉ်အလာ ထုံးစံအရ ပအိုဝ်းနှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းလည်းဖြစ်ကြောင်းလည်း သိရသည်။
Photo- နဝမအကြိမ်မြောက် ပအိုဝ်းနှစ်သစ်ကူးနေ့ အခမ်းအနား-