မြန်မာရေပိုင်နက်ထဲဝင်လာသည်ဆိုသော ထိုင်းငါးဖမ်းလှေကို မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်အပေါ် ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာက ဒီဇင်ဘာ ၁ ရက်က ကန့်ကွက်ပြောဆိုခဲ့ပြီး မြန်မာသံအမတ်ကြီးကို ထိုင်းအစိုးရဆင့်ခေါ်ထားကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်က “ဘယ်လိုအခြေအနေမျိုးမှာမဆို ဒီလိုအကြမ်းဖက်တာမျိုးကို မထောက်ခံဘူးလို့”ဟု ယမန်နေ့တွင် မီဒီယာများနှင့်တွေ့ဆုံစဥ် ကန့်ကွက်ပြောကြားခြင်း ဖြစ်သည်။
မြန်မာရေတပ်က ထိုင်းငါးဖမ်းစက်လှေများအား မြန်မာရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်သည်ဟုဆိုကာ နိုဝင်ဘာလ ၂၉ ရက်နေ့၊ နံနက်အစောပိုင်းက ရနောင်းခရိုင်၊ ခိုဖယမ်ကွန်းမှ ၁၂ မိုင်အကွာရှိ ပင်လယ်ပြင်အတွင်း ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် ထိုင်းနိုင်ငံသားတစ်ဦးသေဆုံးခဲ့ပြီး လှေသား ၃၁ ဦး ဖမ်းဆီးခြင်းခံထားရမှုအတွက် ဖြေရှင်းရန်မြန်မာသံအမတ်ကို ယနေ့တွင် ဆင့်ခေါ်ထားကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။
ပစ်ခတ်ရာတွင် ငါးဖမ်းလှေတစ်စီးမီးလောင်ခဲ့မှုကြောင့် ထိုင်းသင်္ဘောသားတစ်ဦးပင်လယ်ထဲခုန်ချရာ ရေနစ်သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ရေလုပ်သား ၃၁ ဦးအနက် ၂၇ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်၍ ၄ ဦးမှာ ထိုင်းနိုင်ငံသားများြဖစ်သည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးရေးနှင့် ပစ်ခတ်မှုအတွက်ဆွေးနွေးရန် ထိင်းနိုင်ငံြခါားရေးဌာနက ဆင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းမှာ ရေးသားထားသည်။
အစိုးရအနေဖြင့် အကြမ်းက်မှုကိုဆန့်ကျင်ပြီး မြန်မာရေပိုင်နက်ထဲ ထိုင်းငါးဖမ်းလှေများဝင်ရောက်မှုကို တိကျစွာမပြောနိုင်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုရလဒ်များကို စောင့်ဆိုင်းနေကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားထားသည်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ထိုင်းနိုင်ငံသား ၄ ဦး ပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာစစ်ဘက်အရာရှိများနှင့်ညှိနှိုင်းရန် ထိုင်း-မြန်မာနယ်စပ်ကော်မတီမှ ထိုင်းအရာရှိများကို ညွန်ကြားထားသော်လည်း မြန်မာစစ်ကောင်စီဘက်က တစ်စုံတရာမှတ်ချက်မပေးသေးကြောင်းလည်း သိရသည်။
Photo- ထိုင်းဝန်ကြီးချုပ်