စစ်ကောင်စီ၏ ကုန်သွယ်ရေးမူဝါဒအသစ်ကြောင့် ပြည်ပမှတင်သွင်းနေရသည့် အရေးကြီးဆေးဝါးအချို့ ပြတ်လပ်မှုနှင့်ကြုံတွေ့နေရပြီး အချို့ဆေးဝါးများမှာ ပစ္စည်းရှားပါးသဖြင့် ဈေးနှုန်းကြီးမြင့်စွာဝယ်ယူမှသာ ရရှိနိုင်တော့ကြောင်း ပြည်တွင်းဆေးဝါးကုမ္ပဏီများထံက သိရသည်။
စစ်ကောင်စီက ယခုနှစ်စက်တင်ဘာကစတင်ကာ ပို့ကုန်ရငွေတင်ပြနိုင်မှသာ ဆေးဝါးများအပါအဝင် ပြည်ပသွင်းကုန်များတင်သွင်းရန် မူဝါဒအသစ်ချမှတ်ထားပြီး နိုင်ငံခြားငွေရရှိရန်ခက်ခဲခြင်းအပြင် သွင်းကုန်တင်သွင်းခွင့်လျှောက်ထားပါက အချိန်ကြာမြင့်ခြင်းတို့ကြောင့် ဆေးဝါးပြတ်လပ်မှုများ ကြုံတွေ့လာရကြောင်း ပြည်ပဆေးဝါးတင်သွင်းနေသော ကုမ္ပဏီအကြီးတန်းဝန်ထမ်းတစ်ဦးက ပြောကြားသည်။
” ပြီးခဲ့တဲ့နှစ်ကကုမ္ပဏီကြီးတစ်ခုဆို ဘာမှတောင်မပြောဘဲ ဒီတိုင်းပဲရပ်လိုက်တယ်၊ သူရပ်လိုက်တော့ သူတင်သွင်းနေတဲ့ဆေးကောင်းဝါးကောင်းတွေအတော်များများပြတ်သွားတယ်၊ ကျန်တဲ့ကုမ္ပဏီတွေကငယ်တယ်လေ၊ ကြီးကြီးမားမားမမြှုပ်နှံနိုင်ဘူး၊ ရသလောက်လေး၊ ရှိတာလေးနဲ့ပဲ တင်သွင်းနေတာတွေချည်းပဲ၊ ဒေါ်လာရှာရခက်သလို စီးပွားကူးသန်းကလည်း မရှိမဖြစ်ဆေးဝါးဆို အရင်က ၁၅ ရက်အတွင်းခွင့်ပြုပေးတယ်၊ ခုနောက်ပိုင်း ရက် ၆၀ ကျော်လောက်ကြာသွားတယ်၊ ကျန်းမာရေးဌာနကလည်း ဒါတွေကိုသိတယ်၊ တင်ပြထားပေမယ့် မထူးခြားသေးဘူး ” ဟု ၎င်းက ပြောကြားသည်။
ပြည်တွင်းတွင် အင်ဆူလင်ထိုးဆေးအပါအဝင် ကင်ဆာ၊ ကျောက်ကပ်နှင့် အကောင်းစားပဋိဇီဝဆေးများရှားပါးြပတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး အချို့သောပုဂ္ဂလိကဆေးရုံများတွင် အရည်အသွေးနိမ့်ဆေးဝါးများပါ တွဲဖက်အသုံးပြုလာကြရကြောင်း သိရသည်။၊
” ပုဂ္ဂလိကဆေးရုံတိုင်းကတော့ လူနာတွေကို ပေးရတာနဲ့ တန်အောင်တော့လုပ်ပေးကြပေမယ့် ခုက ဥရောပဆေးတွေဆိုသိပ်မသုံးနိုင်ကြတော့လို့ အိမ်နီးချင်းက ဆေးတွေပဲ အဓိကထားပြီးအဆင်ပြေသလိုလုပ်နေရတာတွေရှိတယ်၊ ခုဆို ဆီးချိုအတွက်မရှိမဖြစ် အင်ဆူလင်ဆို အတော်ရှားနေတယ်၊ ကျန်းမာရေးနဲ့ပတ်သက်လို့ကတော့ ဒီလိုတွေဖြစ်အောင်တော့ မလုပ်သင့်ဘူး၊ ကြားရတာတစ်ခုဆို အချို့သွင်းလို့ရလာသော်လည်းပဲ ဆိပ်ကမ်းမှာ အဆင့်ဆင့်တင်နေရတာချည်းနဲ့ပဲကို သိန်းတွေထောင်ချီကုန်နေတာတို့ ဆေးတွေသက်တမ်းလွန်ကုန်တာတို့အထိပါ ကြားရတယ်၊ ဆေးကလိုသလောက်ကိုရှိနေရမယ် ” မော်လမြိုင်ခရိုင် ပုဂ္ဂလိကဆေးရုံတစ်ခုမှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းဆေးဝါးလိုအပ်ချက်၏ ၉၀ ရာခိုင်နှုန်းခန့်ကို အိန္ဒိယ၊ ဗီယက်နမ်အပါအဝင် ဥရောပမှ မှာယူတင်သွင်းနေရပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်တွင် အဓိကလိုအပ်သည့် ဆေးဝါးများထုတ်လုပ်မှုမြင့်တက်လာစေရန် ဆေးဝါး ကုန်ကြမ်းများကို အဓိကထား တင်သွင်းခွင့်ပြုနေသော်လည်း နိုင်ငံခြားငွေကြေးရှားပါးလာခြင်း၊ သွင်းကုန်လိုင်စင်ရရှိရန်ခက်ခဲခြင်းတို့ကြောင့် ယခုတိုင် အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Photo-ဆေးဝါးများ