ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်ရှိ ကော့စနိုင် လူမှုကူညီရေးအသင်းဝင် ဦးမြအောင်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထောက်ပံ့မှုဆိုကာ နိုဝင်ဘာလ (၂၇) ရက်နေ့က ကျိုက်ထိုမြို့နယ်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“ဦးမြအောင် က PDF တွေကို ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ သူအပါအဝင် ကော့စနိုင်လူမှုကူညီရေးအသင်းဝင် (၄) ဦး ဖမ်းဆီးခံထားရတာပါ။ ဦးမြအောင် ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ – ၅၀ ည အရ အလုပ်နဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့တာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဦးမြအောင်အား သထုံမြို့ရှိ အကျဉ်းထောင်သို့ ပြောင်းရွေ့လိုက်ကြောင်းနှင့် ကျန်ရှိသည့် ကော့စနိုင်လူမှုကူညီရေးအသင်းဝင် (၃) ဦးမှာ ကျိုက်ထိုမြို့မရဲစခန်းတွင် ချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း နှင့် ၎င်းတို့အပေါ်စွပ်စွဲထားသည့် အမှုအား ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၃) ရက်နေ့ နှင့် (၁၄) ရက်နေ့များတွင် ကော့စနိုင်လူမှုကူညီရေးအသင်းဝင် ဦးမြအောင် နှင့် သမီးဖြစ်သူ မချစ်စုရတနာ၊ ကိုချမ်းသာအောင်၊ ဦးစိုးလှိုင် တို့ (၄) ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ စစ်ကောင်စီမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အလားတူ သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှ ဥက္ကဌအပါအဝင် (၃) ဦးအား PDF ထောက်ပို့ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံရပြီး ပြီးခဲ့သည့် အောက်တိုဘာလတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရပြီး အများဆန္ဒအရ အသင်းကိုလည်း ဖျက်သိမ်းလိုက်သည်။
Photo-ကော့စနိုင်လူမှုကူညီရေးအသင်းရုံး