ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ ဧရိယာအစပ်သို့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ကျူးကျော်ဝင်ရောက်လာသောကြောင့် နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ၏ တရားဝင်တပ်တည်ခွင့်ရနယ်မြေ ဂျပန်ရေတွင်းရွာ လမ်းကြောင်းပေါ်တွင် DKBA ဂိတ်တစ်ခုဖွင့်လှစ်သွားရန် ယမန်နေ့က ကြိုးပမ်းလာခြင်းဖြစ်ကြောင်း နယ်စပ်သတင်းအရင်းမြစ်များမှ သိရသည်။
နယ်စပ်စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးက “ဘုရားသုံးဆူ မြို့မရဲစခန်းရှေ့က ဂျပန်ရေတွင်းသွားတဲ့ လမ်းမှာ DKBA ဂိတ်တစ်ခု လာချတယ်၊ လောလောဆယ် နေရာ ၄ ခုလောက်မှာ DKBA အင်အားခွဲဖြန့်ထားတာ ရှိတယ်၊ စစ်ရေးအရ နှစ်ဖက်တင်းမာနေတဲ့သဘောရှိနေတယ်၊ ဒီကိစ္စအပေါ် နှစ်ဖက်ခေါင်းဆောင်တွေက ဘာမှထုတ်ပြန်ပြောဆိုတာ မတွေ့ရတော့ မြေပြင်အခြေအနေကိုပဲ စောင့်ကြည့်နေရတယ်” ဟု ဆိုသည်။
ဘုရားသုံးဆူမြို့ ဓမ္မဝိဟာရဘုန်းတော်ကြီးကျောင်းအနီးတဝိုက်၊ မြို့မရဲစခန်းရှေ့ရှိ ဂျပန်ရေတွင်းလမ်း၊ ကြံတောရွာသို့သွားသည့် ရဲစခန်းအနောက်ခြမ်းလမ်းသွယ်နှင် ထိုင်းနယ်စပ်ကားလမ်းအနီး အနည်းဆုံးနေရာ ၄ ခု၌ ယမန်နေ့ကတည်းက DKBA တပ်ဖွဲ့က ကျူးကျော်ဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါနယ်မြေကျူးကျော်လာသည့်ကိစ္စရပ်အပေါ် DKBA အမှတ် (၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းနှင့် မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်အချို့ ဖုန်းဖြင့်ဆက်သွယ်ပြောဆိုခဲ့ကြသော်လည်း ထူးခြားမှုမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဘုရားသုံးဆူ နယ်စပ်ဂိတ်အနီးတွင် စခန်းတခုတည်ထောင်ရန် ကြိုးပမ်းလာသည့် DKBA နှင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့တို့အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ဖူးကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။
မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် နဝတအစိုးရ၊ ၂၀၁၂ ခုနှစ်တွင် သမ္မတဦးသိန်းစိန်အစိုးရ၊ ၂၀၁၈ ခုနှစ်တွင် NLD အစိုးရတို့နှင့် ချုပ်ဆိုခဲ့သော အပစ်ရပ်စာချုပ်နှင့် NCA စာချုပ်တို့အရ မွန်တပ်ဖွဲ့များ လွပ်လပ်စွာ နေထိုင်သွားလာလှုပ်ရှားနိုင်ရန် ၅ မိုင်ရေဒိယအကျယ်အဝန်းရှိ တပ်တည် ၂၀ နေရာ ခွင့်ပြုသတ်မှတ်ပေးခဲ့ရာတွင် ဂျပန်ရေတွင်းရွာတစ်ရွာလည်း ပါဝင်ကြောင်း သိရသည်။
Photo-မွန်ပြည်သစ်ပါတီနှင့် DKBA တပ်ဖွဲ့တို့ နေရာယူထားသည့် ခန့်မှန်းမြေပုံကြမ်း (Google Map)