ပေါင်မြို့နယ်အတွင်း သက်တမ်းကုန်နေသော လမ်းခင်းကျောက်မိုင်းလုပ်ငန်းတချို့က သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် ပြန်လည်လုပ်ကိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် (၂၀၁၉) ခုနှစ် ဒီဇင်ဘာ (၁၇) ရက်က ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်၊ စွယ်တော်ပိုင်းရှိ မဟာအောင်ပွင့်ကောင်း လမ်းခင်းကျောက်မိုင်းလုပ်ငန်းခွင်အတွင်း မြေထိုးစက်ပိပြီး ယန္တရားယာဉ်မောင်း သေဆုံးခဲ့ပြီးနောက် ထိုကျောက်မိုင်းလုပ်ငန်းခွင်အား သက်ဆိုင်ရာက လုပ်ငန်းများရပ်ဆိုင်းထားရန် ညွန်ကြားထားခဲ့သည်။
ထို မဟာအောင်ပွင့်ကောင်း လမ်းခင်းကျောက်မိုင်းတွင် လုပ်ငန်းများ (၂) နှစ်ကျော်ကြာ ရပ်ဆိုင်းခဲ့ရာမှ ယခုနှစ် အောက်တိုဘာလ ဒုတိယအပတ်အတွင်းမှစတင်ကာ မြေတူးခြင်းအပါအဝင် ကျောက်မိုင်းလုပ်ငန်းပြန်လည်လုပ်ကိုင်ရန် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာ (၁၉) ရက်မှစတင်ကာ မြေသယ်ကားများဖြင့် ၎င်းကျောက်မိုင်းအတွင်းမှ မြေကြီးများ သယ်ယူနေကြကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ဒီကျောက်မိုင်းက လူနေရပ်ကွက်တွေနဲ့လည်းနီးနေတော့ မြေပြိုတာတို့၊ တောင်ပြိုတာတို့ ဖြစ်လာမှာကို စိုးရိမ်နေကြရတယ်။ အဲ့ဒီအပြင်ကို လူသေဆုံးမှုတွေဖြစ်ခဲ့လို့ ပိတ်ထားတဲ့ ကျောက်မိုင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူးနဲ့ ညှိပြီး ပြန်လုပ်နေတာမျိုးကတော့ ဒေသခံတွေအနေနဲ့က ဘယ်လိုမှအဆင်မပြေဘူး” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ကျောက်မိုင်းလုပ်ငန်း အများစုမှာ ရပ်ကွက်၊ ကျေးရွာများ၊ လူနေအိမ်များနှင့် ဝေးကွာသည့်နေရာများကိုသာ သက်ဆိုင်ရာမြို့နယ်ထွေ/အုပ်ဌာနမှ ခွင့်ပြုချက်ပေးပြီး လုပ်ကိုင်လေ့ရှိသော်လည်း ယင်း ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်၊ စွယ်တော်ပိုင်းရှိ မဟာအောင်ပွင့်ကောင်း ကျောက်မိုင်းလုပ်ငန်းမှာ ယခင် NLD ပါတီအစိုးရလက်ထက်က လုပ်ကိုင်ခဲ့သည့် ကျောက်မိုင်းတစ်ခုဖြစ်ကြောင်း နှင့် ထိုကျောက်မိုင်းနှင့် ပတ်သက်၍ ရပ်ကွက်နေပြည်သူများမှလည်း ကန့်ကွက်မှုများလုပ်ဆောင်ခဲ့ကြရကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ထို့အပြင် မဟာအောင်ပွင့်ကောင်း ကျောက်မိုင်းမှာ နယ်ခြားမြိုင်တောရဘုန်းကြီးကျောင်း သာသနာ့နယ်မြေနှင့် ပါရမီပြည့်စေတီတော်တို့နှင့် ကပ်လျှက်ရှိနေပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး နှင့် နီးကပ်စွာတည်ရှိနေကြောင်း သိရသည်။
၎င်းအပြင် ပေါင်မြို့နယ်အတွင်းရှိ သက်တမ်းကုန်နေသည့် ကျောက်မိုင်းလုပ်ငန်း (၈) ခုထက်မနည်းမှာလည်း သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းကာ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေကြကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
Photo-ကျောက်မိုင်းတွင် အသုံးပြုနေသောယာဥ်များ
#အကျင့်ပက်ခြစားမှု
#စီးပွားရေး
#ကျောက်မိုင်း