ရေးမြို့နယ်၊ အစင်ကျေးရွာတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းက ကျေးရွာပြည်သူ့စစ်အဖွဲ့ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လူငယ်လေးဦး စီးနင်းလာသော ဆိုင်ကယ်နှစ်စီးအား စစ်ဆေးရန် ရပ်တံ့ခိုင်းစဉ် မရပ်ပေးဘဲ မောင်းပြေးခဲ့သဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာမှ လမ်းအနီးတွင် ရှိနေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်ဟု အစင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောကြားသည်။
”အသက်က ၃၀ ကျော်လောက် ကိုယ်ဝန်သည်လေးပါ၊ တင်ပါးကျည်ဖောက်ဝင်သွားတယ်၊ ကံကောင်းလို့ မသေတာ၊ ဖြစ်ပုံက အရင်က သိပ်မစစ်ပေမယ့် အာယုတောင်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးကတည်းက နေ့စဉ်အစစ်ဆေးကြမ်းလာတာ၊ ရေးမှာကလည်း ဆိုင်ကယ်ကို အမျိုးသားနှစ်ယောက် ပေးမစီးထားဘူးလေ၊ လူငယ်တွေကို ပိုစစ်ဆေးတော့ ခုက နှစ်ယောက်တောင် စီးလာတာဆိုတော့ စစ်ဖို့ ရပ်ခိုင်းတာ မရပ်ပေးလို့ သူတို့က တော်လှန်ရေးအဖွဲ့ ထင်လိုက်တယ်၊ ရွာမှာလည်း အဲဒီလို တော်လှန်ရေးအဖွဲ့တွေက လာလာပစ်နေကြလေ၊ ကြောက်ပြီးတော့ လိုက်ပစ်တော့တာ၊ ကလေးမက ထိသွားတာပေါ့ ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
လိုက်ခံပစ်ခတ်ဖမ်းဆီးမှုကြောင့် ဆိုင်ကယ်စီးလာသည့် လူငယ် ၄ ဦးအနက် တစ်ဦးမှာ ပြည်သူ့စစ်အဖွဲ့၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ယခုနှစ်မတ်လအတွင်းကလည်း အစင်တံတားဂိတ်တွင် ဆိုင်ကယ်မရပ်ပေးသဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က အစင်စံပြကျေးရွာ အဝင်တံတားအနီးရှိ လုံခြုံရေးဂိတ်တွင် တော်လှန်ရေးအဖွဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ့စစ် (၅) ဦးသေဆုံးကာ (၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လကလည်း အစင်စံပြကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ခုအတွင်း အမည်မသိလက်နက်ကိုင်နှစ်ဦးတို့က ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ရာအိမ်မှူးတစ်ဦးအပါဝင် ဒေသခံ ၃ ဦး သေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
Photo-အစင်ကျေးရွာ
#လူ့အခွင့်အရေး