သီတင်းကျွတ်လပြည်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့အထိ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူး (၃၄၀၀၀၀) ကျော် လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ အောက်တိုဘာလ (၁၇) ရက်နေ့ (သီတင်းကျွတ်လပြည်နေ့) မှ နိုတင်ဘာလ (၂၁) ရက်နေ့အထိ ပြည်တွင်းဘုရားဖူး (၁၄၂၆၉၄) ဦး၊ ပြည်ပဘုရားဖူး (၅၄၃) ဦး၊ လာရောက်ခဲ့ကြပြီး၊ နိုဝင်ဘာ (၂၂) ရက်နေ့မှ နိုဝင်ဘာလ (၂၅) ရက်နေ့အထိ ပြည်တွင်းဘုရားဖူး (၁၉၅၉၅၆) ဦး နှင့် ပြည်ပဘုရားဖူး (၆၅၈) ဦး စုစုပေါင်း ပြည်တွင်းဘုရားဖူး (၃၃၈၆၅၀) ဦး နှင့် ပြည်ပဘုရားဖူး (၁၂၀၁) ဦး လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ပြည်ပဘုရားဖူးတွေမှာ အဓိကအားဖြင့်က ထိုင်းနိုင်ငံက ဘုရားဖူးတွေ အများဆုံး လာရောက်ကြပါတယ်။ သူတို့က ထိုင်းကနေ ရန်ကုန်ကိုလာတယ်။ အဲ့ဒီကမှ ကျိုက်ထီးရိုးကို လာရောက်ကြသူတွေ များပါတယ်။ တခြား လာအို၊ ဗီယက်နမ် စတဲ့နိုင်ငံတွေကလည်း လာရောက်ကြပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လွန်ခဲ့သည့် (၂) နှစ်တာကာလနှင့် ယခုနှစ် လပိုင်း အလိုက်နှုန်းယှဉ်ကြည့်ပါက ဘုရားဖူး (၂) ဆကျော်တိုးတက်လာကြောင်းလည်း ၎င်းကဆိုသည်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသအတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုရှိကြောင်း၊ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းမှ ရင်ပြင်တော်စခန်းအထိ ဘုရားဖူးများ စိတ်လက်ကြည်နူးစွာသွားလာနိုင်စေရန် စီစဉ်ထားရှိထားပါကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
နိုဝင်ဘာလ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ အများပြည်သူအလုပ်ပိတ်ရက် (၃) ရက်ဆက်ပိတ်သဖြင့် ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တော်ပေါ်တွင် ဘုရားများနှင့် ပြည့်ကျပ်သည်အထိဖြစ်ခဲ့ကြောင်း စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“ဘုရားဖူးတွေအရမ်းများတော့ ကိုယ့်ဆီလာနေကြဖောက်သည်တွေအတွက်ကိုတောင် အခန်းတွေ စီစဉ်မပေးနိုင်လောက်အောင်ဖြစ်ခဲ့ရတယ်။ အရမ်းလည်း အားနာပါတယ်။ ဈေးလည်း အရမ်းရောင်းရတယ်။ အခုလို ဘုရားဖူးတွေပြန်များလာတဲ့အတွက်လည်း အရမ်းပျော်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းမှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ရင်ပြင်တော်စခန်းသို့ ပြေးဆွဲပေးနေသည့် ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းမှ ယာဉ်စီးခများအား တိုးမြှင့်သတ်မှတ်ထားပြီး ခေါင်းခန်း (၉၀၀၀) ကျပ်၊ နောက်ခန်း (၇၀၀၀) ကျပ်၊ စင်းလုံးငှားအနေဖြင့် (၂၈၀၀၀၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
နှစ်စဉ် သီတင်းကျွတ်လပြည်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ ပုံမှန်ကာလများက နှစ်စဉ် ဘုရားဖူး (၃) သန်းခန့်လာရောက်လေ့ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
Photo-ဘုရားဖူးများ
See insights and ads
All reactions:
2424