တိုင်းရင်းသား လူမျိုးများအရေးနှင့် ပတ်သက်၍ ယခင် ဗိုလ်ချုပ်နေဝင်း တော်လှန်ရေးကောင်စီ၏ အမြင်နှင့် ခံယူချက်များမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြကုန်သော တိုင်းရင်းသား လူမျိုး အသီးသီးတို့သည် သွေးသားမတော်စပ်ကြသည့် တိုင်းတပါးမှ နိုင်ငံခြားသား များ မဟုတ်ကြပေ။ တိုင်းရင်းသား လူမျိုးအသီးသီးတို့၏ လူမျိုး ဆင်းသက်လာပုံ မူလဇာစ်မြစ်ကို ရှာဖွေကြည့်ပါက၊ မျိုးတူ၊ သွေးတူ၊ တနွယ်တည်းသော တိဗက်မြန်မာအနွယ်မှ ဆင်းသက် လာကြောင်း တွေ့ရှိရပေသည်။
တဖက်မှ ကြည့်ပြန်သော် ယခုမှ သွေးရင်းသားရင်း၊သွေးချင်း သားချင်း၊ “တော်စပ် “လာကြသည် မဟုတ်၊ ဟိုရှေး ပဝေဏီကပင် သွေးသား တော်စပ်လာကြခြင်း ဖြစ်ပါသည်။ တနည်းဆိုသော် တအူတုံဆင်း ညီရင်းအစ်ကို များဖြစ်ကြပါသည်ဟူ၍ နိုင်ငံတော် ကောင်စီလက်ထက်၌ မဆလပါတီက ဖော်ဆောင် လာသည်ကို တွေ့မြင်ရပါသည်။ လက်တွေ့တွင် ပြည်တွင်းလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ပြည်တွင်းစစ် ဖြစ်နေတုန်းပင်ဖြစ်သည်။
နိုင်ငံတော်အာဏာကို တပ်မတော်မှ ရယူပြီး ကာလ ၁၉၇၆ မှ ၁၉၈၂ အတွင်း မြန်မာနိုင်ငံတော်အတွင်းရှိ လူမျိုးများအား “သွေး “ဖြင့် ခွဲခြားသတ်မှတ်နိုင်ရန် ဥပဒေတစ်ရပ် ကို ရေးဆွဲရန်လို့အငှာ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ ကိုယ်စားပြု နိုင်ငံတော်ကောင်စီမှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးဦးနေဝင်း၏ လမ်းညွှန်ချက်အတိုင်း လိုက်နာ ဆောင်ရွက်ခဲ့သည်ကို တွေ့မြင် ရသည်။ နိုင်ငံတော်ကောင်စီမှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးဦးနေဝင်း၏ လမ်းညွှန်ချက် မှာ သွေးမစစ်လျှင်
“ဒီတော့ တိုင်းပြည် မှာက မူကို မူချတဲ့ အဖွဲ့အစည်းအပိုင်းရယ်လို့ရှိ ပါတယ်။ အဲဒီမူချတဲ့ အဖွဲ့အစည်း အပိုင်းမှာကတော့ သွေးစစ်စစ်မှပဲ အပြည့်အဝ ကျွန်တော်တို့ ယုံကြည်မှုနဲ့ မူချမယ့်အာဏာ ကို အပ်ရလိမ့်မယ်၊ သွေးမစစ်တဲ့ ပုဂ္ဂိုလ် တွေကျလို့ရှိရင်တော့ စဉ်းစားစရာ ဖြစ်လာတယ်၊ သွေးစစ်တဲ့ပုဂ္ဂိုလ် တွေတောင်မှ တချို့ဆိုလို့ရှိယင် တိုင်းပြည် အပေါ်မှာ သစ္စာမရှိပဲနဲ့၊ ကိုယ့်အမျိုး အပေါ်မှာ သစ္စာမရှိပဲနဲ့ အခြား ကို သစ္စာရှိနေတာတွေ၊ ခင်ဗျားတို့ကျုပ်တို့ တွေ့နေရတယ် မဟုတ်လား၊အဲဒီတော့ သွေးစစ်တဲ့ လူတောင်မှ အဲဒီလို တွေ့နေရယင် တော့ယင် သွေးမစစ်တဲ့လူဆိုယင် တော့ ကျွန်တော်တို့က မျက်စိဒေါက်ထောက်ကြည့် ရလိမ့်မယ်။” တိုင်းပြည်နှင့် အမျိုးအပေါ် ယုံကြည်ရန်ခက်ခဲကြောင်း လမ်းညွှန်ချက်ကို တွေ့မြင်ရပါသည်။ နိုင်ငံသားများကို လူ့ဖြစ်တည်မှု Sense of Belonging ကို အလေးမထားသင့်ဘဲ တိုင်းပြည်နှင့် လူမျိုးများအပေါ် သစ္စာရှိပြီး သွေးမနှောမှသာ နိုင်ငံသား ဖြစ်ခွင့် ရမည့်သဘောကို ဆောင်လေသည်။
သို့မှသာ သွေးမနှော သွေးစစ်စစ် နိုင်ငံသားများ ဖြစ်လာအောင် တိုင်းပြည် ကာကွယ်ရန်အတွက် အထက်ပါ အချက်အလက်များ ထည့်သွင်းသင့်ကြောင်း “ဒါကြောင့်မို့လို့ ဒီဥပဒေထွက်ပြီးလို့ရှိရင် ဒါ ဘယ်ပုံ ဘယ်နည်းလာမယ်တော့ မပြောတတ်သေးဘူး ပေါ့လေ၊ တိုင်းပြည် အကြံဉာဏ်ပေးတာ၊ အဲဒီအကြံဉာဏ်တွေကို ကျွန်တော်တို့ ယူပြီးတဲ့ အခါကျတော့ ပါတီတို့လွှတ်တော်တို့ က ဒါ ဆုံးဖြတ်ကြပါလိမ့်မယ်၊အဲဒီဆုံးဖြတ်တဲ့ အချက်အလက်တွေက စောစောက ကျွန်တော်ပြောတဲ့ ကိုယ့်တိုင်းပြည်ကို ဒုက္ခမရောက် ရအောင် ကာကွယ်တဲ့အချက်အလက်တွေ ထည့်ဖို့လိုလို့ ထည့်များ ထည့်လာလို့ရှိယင် ဖွဲ့စည်းပုံအခြေခံဥပဒေက တချို့အချက်အလက်ကို တောင်မှ ကျွန်တော်တို့ ပြင်ရပါလိမ့်မယ်၊ အဲဒါ စောစောစီးစီးက ကျွန်တော် ကြိုတင်ပြီး ပြောထားတာပါ။” ဟူ၍ လမ်းညွှန်ခဲ့သည်။
လိုအပ်ပါက နိုင်ငံသားဉပဒေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေရှိ တချို့အချက်အလက်ကို ပြင်ပြီး “သွေး” ဥပဒေဖြင့် ခွဲခြား သတ်မှတ်ခြင်း ဆောင်ရွက်ခဲ့သည်ကို တွေ့မြင် ရသည်။
နိုင်ငံအတွင်းရှိ မှီတင်းနေထိုင်သော နိုင်ငံသား အသီးသီးမှ ကိုလိုနီခေတ် အတွင်း အဆီးအတား မရှိဝင်ရောက်လာသူမျာကို ထိန်းချုပ်ကာ မြန်မာပြည်ဖွားဖြစ်သော်လည်း နိုင်ငံခြားသားအဖြစ် ဆက်လက်၍ သတ်မှတ်ရန် လမ်းညွှန်ချက်မှာ အောက်ပါအတိုင်း“ဒီတော့ ကျွန်ဘ၀ မြန်မာပြည်ရဲ့ အခြေအနေကို ပထမဦးဆုံး ကျွန်တော် ပြောပြမယ်၊ ၁၈၂၄ ခုနစ် ဗမာပြည် တစိတ်တဒေသကို နိုင်ငံခြားက အုပ်ချုပ်သွားပြီးနောက် တဆင့်ပြီးတဆင့် စစ်ပွဲတွေ ဖြစ်ကြတော့ ကျွန်တော်တို့ တိုင်းပြည်ဟာ နိုင်ငံတခုလုံး ကျွန်ဘ၀ ကို ရောက်သွားခဲ့ ပါတယ်၊ အဲဒီကျွန်ဘ၀ ရောက်သွားခဲ့ရာက နေပြီးတော့ အားလုံးသိကြတဲ့အတိုင်း ၁၉၄၈ ခုနစ် ဇန်နဝါရီလ ၄ရက်နေ့မှာ တရားဝင် ကျွန်တော်တို့ လွတ်လပ်ရေး ပြန်ရခဲ့ပါတယ်၊အဲဒီတော့ ၁၈၂၄ ခုနစ် နောက်ပိုင်းက စပြီးတော့ ကျွန်တော်တို့ လွတ်လပ်ရေး ရတဲ့ ၁၉၄၈ ခုနစ်၊ ဇန်နဝါရီလအထိ ဒီကြားအတွင်းမှာ ကျွန်တော်တို့ နိုင်ငံအတွင်းကို နိုင်ငံခြားသား၊တနည်းအားဖြင့် တိုင်းတပါးသား ဒီပုဂ္ဂိုလ်တွေဟာ အဆီးအတားမရှိ အကြောင်းကြောင်း တွေကြောင့် ဝင်ခဲ့ကြတယ်၊ ” ဖြစ်ပါသည်။
ထိုသို့ ကိုလိုနီခေတ်အတွင်း ဝင်ရောက်လာသူများနှင့် ပြည်တွင်းရှိ တိုင်းရင်းသားများ မှ ပေါက်ဖွားလာသူများကိုလည်း ခွဲခြား ကန့်သတ်နိုင်ရန် အတွက် ထိုသူများကို သွေးနှောတဲ့ပုဂ္ဂိုလ်အဖြစ် နိုင်ငံသားစာရင်းသွင်းရန် လမ်းညွှန်ကာ ထိုသူတို့အား အမြဲမပြတ် စောင့်ကြည့်ကာ နိုင် ( တိုင်းရင်းသား)၊ နိုင် (သွေးနှော) ၊ ပြု (ပြည်တွင်းမွေး နိုင်ငံခြားသား) ၊ ဧည့် ( ပြည်တွင်းမွေး နိုင်ငံခြားသား) အဖြစ် အောက်ပါအတိုင်း ဆက်လက်၍ “ကျွန်တော်တို့ တိုင်းရင်းသား သို့မဟုတ် မြန်မာနိုင်ငံသား တိုင်းရင်းသား မြန်မာနိုင်ငံသားတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ ကြမ္မာကို ကိုယ်မဖန်တီးနိုင်ဘူး။ ၁၈၂၄ ခုနစ်က စပြီးတော့ ဇန်နဝါရီလ၊ ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့ အထိဟာ သူများ ခြယ်လှယ်တာကိုပဲ ခံခဲ့ရတယ်၊အဲဒီတော့ ၁၉၄၈ ခုနစ်၊ဇန်နဝါရီလ ၄ ရက်နေ့ ကျွန်တော်တို့ လွတ်လပ်ရေးရတဲ့ အချိန်က အခြေအနေကို တခါပြန်ကြည့် ကြစို့ရဲ့၊ အဲဒီအချိန်မှာ ကြည့်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့ တိုင်းပြည်မှာ လူမျိုးတွေ အနေနဲ့ တိုင်းရင်းသား နိုင်ငံသား စစ်စစ်ရယ်၊ တခြားကလာတဲ့ ဧည့်သည်တွေရယ်၊ နောက် ကျွန်တော်တို့ တိုင်းရင်းသားနဲ့ ဒီဧည့်သည်တွေနဲ့ အိမ်ထောင်ပြု ကြပြီးတော့ ပေါက်ဖွားလာတဲ့ သွေးနှောတဲ့ပုဂ္ဂိုလ်တွေ ဒီတော့ ကျွန်တော်တို့ နိုင်ငံသား၊ ကျွန်တော်တို့ တိုင်းရင်းသားနဲ့ နိုင်ငံခြားသားနဲ့ တနည်းအားဖြင့် ဧည့်သည်တွေနဲ့ ပေါင်းစပ် ပြီးတော့ရတဲ့ သားသမီး ရှိသလို အဲဒီ ဧည့်သည်တွေချင်း အိမ်ထောင်ပြု ကြပြီးတော့ ရတဲ့ လာတဲ့သားတွေသမီးတွေလဲ ရှိခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့မှာ လွတ်လပ်ရေးရတဲ့ အချိန်မှာ ကျွန်တော်တို့ လူမျိုးစစ်စစ်ချည်း ကျွန်တော်တို့ နိုင်ငံသားစစ်စစ်ချည်းမဟုတ်တော့ပဲနဲ့ ဧည့်နိုင်ငံသားရယ်၊ ဧည့်နိုင်ငံသားတွေနဲ့ ကျွန်တော်တို့ နိုင်ငံသားနဲ့ သွေးစပ်ပြီးတော့ ပေါက်ဖွားတဲ့ ပုဂ္ဂိုလ်တွေရယ်၊ ဧည့်နိုင်ငံသားချင်း ပေါက်ဖွားတဲ့ ပုဂ္ဂိုလ် တွေရယ်လို့ ဒီလို အသီးသီး ရှိလာခဲ့ပါတယ်။ ရှိလာခဲ့တော့ ဒါဟာ ပြသာနာတခု ဖြစ်လာခဲ့ပါတယ် လွတ်လပ်ရေး ရပြီးတဲ့အခါကျတော့ ပြသာနာက ဘာလဲလို.ဆိုတော့ အဲဒီ ဧည့်နိုင်ငံသားတွေ ခုနကသွေးနှောတဲ့ ပုဂ္ဂိုလ် တွေကို ဘယ်ပုံဘယ်နည်း ရှင်းကြမလဲ။ ရှင်းဖို့လို့ ကြံစည်ကြတဲ့အခါ ကျတော့ နောက်ဆုံးဘယ်မှာ ဘာအကောင်အထည် ပေါ်လာသလဲ ဆိုတော့ ဥပဒေ နစ်ခု ပေါ်လာတယ်၊” အဲဒီနောက်လဲပဲ ၁၉၄၈ ခုနစ်၊ လွတ်လပ်ရေးမတိုင်မီ သို့မဟုတ် စစ်စတဲ့ ၄၂ ခုနစ် မတိုင်မီမှ ရောက်တဲ့ လူတွေလဲရှိတယ်၊ အဲဒီတော့ အဲဒါတွေကို သိမ်းကျုံးပြီးတော့ ရှင်းပစ်မှ ဖြစ်မယ်ဆိုပြီးတော့ ကျွန်တော်တို့ ဒီနိုင်ငံသား ဥပဒေ အသစ်ကို ထုတ်ဖို့ လုပ်ရခြင်း ဖြစ်ပါတယ်။” လမ်းညွှန်ခဲ့ပါသည်။
ထိုဖြစ်ရာ နိုင်ငံအတွင်းရှိ လူမျိုးစုများအသီးသီးကို သွေးစစ်စစ်(ဗမာ) ၊ သွေးစစ်စစ် တိုင်းရင်းသား( ကူကီး၊ ပသျှူးမပါ)၊ နှင့် သွေးရောသွေးနှော( နိုင်ငံခြားသားအနွယ်) စသည်ဖြင့် ခွဲခြား သတ်မှတ်၍ ၁၉၈၂ခုနစ် နိုင်ငံသားဥပဒေ ကို အတည်ပြုကာ နိုင်ငံသားအုပ်စု (တိုင်းရင်းသား၊ တိုင်းရင်းသားသွေးနှော) နှင့် နိုင်ငံခြားသား အုပ်စု (ဧည့်၊ ပြု) အဖြစ် အဆင့်အတန်းခွဲကာ မြန်မာနိုင်ငံတော်၏ နိုင်ငံသားအဖြစ် ခွဲခြား ကန့်သတ်ခဲ့သည်။ ပဒေရာဇ်စနစ်မှ “သွေး” ဖြစ် မိမိတို့အဝန်းအဝိုင်းကို ဆက်လက် တည်ဆောက်မှုဟန် ကို လက်ဆင့်ကမ်း၊ သယ်ယူ၊ သွပ်သွင်းဟန်ဟု သိမြင်စေပါသည်။
ရှေးယခင်က တည်ရှိခဲ့ဖူးသော ဘုရင့်အသိုင်းအဝိုင်းအတွင်း အမှုထမ်းများ၊ သုံ့ပန်းများနှင့် ကိုလိုနီခေတ်အတွင်း ဝင်ရောက်လာသူများသည် ၎င်းတို့၏မူလ လာရာ ပင်ရင်းနိုင်ငံရှိသဖြင့် ၎င်းတို့သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုကဏ္ဍများတွင် ပါဝင်ခွင့်မရရန် ကြိုးစားလာကြပြီး ၎င်းတို့သည် အချိန်မရွေး သစ္စာဖောက်နိုင်သော ပြည်တွင်းနေ နိုင်ငံခြားသား၊ သွေးနှောများ အဖြစ် ရှုမြင်သည့်အမြင်ကို ဖြန့်ဝေလာခဲ့သည်။
အခြားတစ်ဖက်တွင် တရုတ်အနွယ်များသည် ပင်ရင်းနိုင်ငံ ရှိသော်လည်း မြန်မာနိုင်ငံ၏ တိုင်းရင်းသားအဖြစ် အချို့မှာရေတွက်ခြင်းခံရပြီး ဘာသာမတူသော ပန်းသေး(တရုတ်မွတ်စလင်) များမှာ ပါဝင်ရေတွက်ခြင်းမရှိခဲ့ပေ။ ကိုလိုနီခေတ် မတိုင်မှီ ၁၆ ရာစုမှ ၁၈ ရာစုအတွင်း ရှိခဲ့သော ပသျှူး၊ အက္ကပတ်၊ မဏိပူရ၊ အာသံ၊ ဘုရင်ဂျီ၊ အာမေးနီးယန်း၊ ပြင်သစ်၊ အီတလီ၊ ပုဏ္ဏား၊ ပန်းသေး၊ ပသီ၊ ကူကီး တို့မှာ နိုင်ငံခြားသားအနွယ်အဖြစ် ဆက်လက်ယူဆခံရတော့သည်။ တိဗက် အနွယ် ဒနောင်၊ တရုတ်အနွယ် ယူနန်သား ကိုးကန့်၊ ဝ၊ တို့မှာ နိုင်ငံခြားသားအနွယ် မဖြစ်ဘဲ တိုင်းရင်းသားအနွယ် ဖြစ်သွားသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။
ထိုကြောင့် ၁၉၈၂ နိုင်ငံသားဉပဒေသည် လူ့ ဖြစ်တည် မှု (humanity) နှင့် မွေးဖွားရာ ဇာတိသံယောဇဉ်(sense of belonging) အခြေခံ သဘောတရားများ၊ ဖြစ်တည်မှု သမိုင်းကြောင်းများ ဖျောက်ကာ “သွေး”စစ်စစ်များသာ အုပ်ချုပ်မှု တာဝန်ယူရမည့်အရေး စတင်လာခဲ့သည်။ တိုင်းရင်းသားဟူ၍ ဗမာမပါဘဲ နိုင်ငံသား အခွင့်အရေးပေးသော်ထားလည်း လက်တွေ့မှာ တိုင်းရင်းသားများမှာ မှတ်ပုံတင်ရရန် ခက်ခဲနေဆဲပင်ဖြစ်သည်။
ယင်းသို့ နိုင်ငံတော်ကို တိုင်းရင်းသားများ စုပေါင်း တည်ဆောက်ရန် နှင့် ပြည်ထောင်စု မပြိုကွဲရေးအတွက် ဥမကွဲ သိုက်မပျက်ပမာ သွေးသားအရင်းအချာ စသော သွေးသားချင်းများဖြစ်ကြောင်း ပုံဖော်လာကာ လက်နက်ကိုင် တိုင်းရင်းသားများ၏ အခွင့်အရေးကို မျက်ကွယ်ပြု၍ ဟန်ပြ ၁၉၇၄ ဖွဲ့စည်းပုံဥပဒေနှင့် ၁၉၈၂ နိုင်ငံသားဉပဒေကို သွပ်သွင်း ခဲ့သည့်မှာ တပ်မတော်အစိုးရနှင့် ပြည်သူ့ အစိုးရခေတ် အထိပင် ဖြစ်ပါသည်။ ယင်းဥပဒေမှသည် တဘက်မှ မတူကွဲပြားမှု၊ လွတ်လပ်စွာကိုးကွယ်မှု၊ အသားရောင်ခွဲခြားမှုများကို တပြိုက်နက်တည်း အသက်သွင်းခဲ့သည်။ အသားအရောင်ဖြင့် မွန်ဂိုလိုက်အနွယ်ဝင်သာ လက်ခံလာခြင်း၊ ဘာသာစကားဖြင့် တိဗက်တိုဘားမင်းအစုကိုသာ လက်ခံလာခြင်း၊ ဓလေ့ထုံးထမ်းများအဖြစ် ဗုဒ္ဓယဉ်ကျေးမှုသာ အားပေးလာခြင်းတို့သည် ဘာသာပေါင်းစုံ၊ လူမျိုးစုပေါင်းစုံ တည်ရှိနေသော နိုင်ငံတော်ကြီး၏ ရှေ့ဆက်လမ်းခရီး၏ အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ရပ်အဖြစ် တည်ရှိနေပါသည်။ ၎င်းနိုင်ငံတော်ဝါဒ အောက်တွင် ယင်းခွဲခြားကန့်သတ်မှုဥပဒေ (၁၉၈၂ခုနစ် မြန်မာနိုင်ငံသားဥပဒေ)၏ “တိုင်းရင်းသား” အဓိပ္ပာယ် ဖော်ဆောင်မှုသည် ၁၈၂၄ မတိုင်မှီ မြန်မာနိုင်ငံအတွင်း အစဉ်အဆက်မပြတ် နေထိုင်သူများ (မွေးရာပါနိုင်ငံသား၊ မွေးရာပါနိုင်ငံသားမဟုတ်သူ) နှင့် ၁၉၄၈ ခုနစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူ (ဧည့်၊ပြု) ဟူသော မြန်မာ နိုင်ငံသားအုပ်စု (၂) စု အဖြစ် ခွဲခြား သိမြင်စေခဲ့သည်။ တိုင်းရင်းသားများ အဖြစ် ခေါ်ဝေါ်သူများသည် ဥပဒေအရ နိုင်ငံတော် မှ သတ်မှတ်သည့် ပုံစံဖြစ်သော ၁၉၈၂ခုနစ် မြန်မာနိုင်ငံသား ဥပဒေအဖြစ် သတ်မှတ်ထားကြောင်း သိမြင်စေပါသည်။
ယင်းသို့ ခွဲခြားထားသော အုပ်စု (၂) စုသည် ဗမာစစ်စစ် ဖြစ်ရေး၊ တိုင်းရင်းသားလူမျိုးစု ဖြစ်ရေး၊ တိုင်းရင်းသားဖြစ်ရေး အဖြစ် မိမိတို့၏တည်ရှိမှုကို ဘက်ပေါင်းစုံမှ တည်ဆောက်လာပြီး မိမိတို့သည် နိုင်ငံတော်ဝါဒ၏ ပြည်ထောင်စုဝင် အသွေးတည်းအသားတည်း၊သွေးချင်းများဖြစ်ကြောင်း သစ္စာခံသဖွယ် သက်သေပြကြသည်။ အုပ်ချုပ်မှု အာဏာ အဝန်းအဝိုင်းအတွင်းရှိ သူတို့အဖို့ ၎င်းတို့၏ သက်သေပြ ချက်သည် သာမညအရေးဖြစ်သာ ဦးတည်နေမှုသည် ယခုအခါ အစဉ်အလာ တစ်ခုအဖြစ် တည်ရှိနေပါတော့သည်။ အကြောင်းသော်ကား မည်သူသည် တိုင်းရင်းသားဖြစ်သည် မဖြစ်သည် ဟူသောဆုံးဖြတ်ခွင့်ကို နိုင်ငံတော်အစိုးရ အာဏာတည်သူများ မှ ရယူကာ နိုင်ငံတော်၏ တပ်မတော်အစိုးရ၏ စနစ်ဟောင်း၊ ဉပဒေအဟောင်းများကို အသက်သွင်း၍ အစိုးရသာပြောင်းပြီး မူမပြောင်းဘဲ တပ်မတော်အစိုးရ၏ အာဘော်အတိုင်း တပ်မတော်အစိုးရစနစ်အတိုင်း ခေတ်သစ် ပြည်တွင်း ကိုလိုနီပြုမှု၏ အကြောင်းတရားကိုပင် ဆက်လက်သယ်ဆောင်လာနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။
ယင်းသို့ ခေတ်သစ် ပြည်တွင်းကိုလိုနီပြုမှုပုံဖော်ဆောင်ရာ မြန်မာ့လူအဖွဲ့အစည်း အတွင်း၌ တိုင်းရင်းသား၊ မူလဌာနေများ၊ အိမ်ရှင်များ၊ ဧည့်သည်များ၊ နိုင်ငံသား များ အဖြစ် သတ်မှတ်ကြပါသည်။ ယင်းသို့ ခေါ်ဝေါ်သတ်မှတ်မှု၏ အသုံးအနှုန်း၊ အယူအဆများမှာ နိုင်ငံတော်၏ မူဝါဒအောက်တွင် အဓိပ္ပာယ်ကွဲပြားစွာ တည်ရှိနေလျက် ရှိနေပါသည်။ အစဉ်အလာသတ်မှတ်မှု၊ လူဘောင်အဖွဲ့အစည်းမှ ယူဆပုံ၊ နိုင်ငံတော်မှအဓိပ္ပာယ် ဖော်ဆောင်မှုတို့မှာ ရှုတ်ထွေးနေလျက် ရှိနေဆဲပင်ဖြစ်သည်။
အကိုးအကားများ
၁။ တိုင်းရင်းသား လူမျိုးများအရေးနှင့် ပတ်သက်၍ တော်လှန်ရေးကောင်စီ၏ အမြင်နှင့် ခံယူချက်(၁၉၆၄) ၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ပါတီ စည်းရုံးရေးဗဟိုကော်မီတီ ဌာနချုပ်၊စာပေဗိမာန်၊ ရန်ကုန်၊
၂။ နိုင်ငံတော်အတွင်းနေထိုင်သူများအား နိုင်ငံသား သို့မဟုတ် နိုင်ငံခြားသားဟူ၍ စိစစ်ခြင်း လုပ်ငန်းဆိုင်ရာ သင်တန်းစာစောင်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဉီးစီးဌာန၊ ဇွန်လ၁၀ရက်၊ ၁၉၇၈။
၃။ ဉီးချစ်လွင် ( တရားလွှတ်တော်ရှေ့နေ) ။ ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဉပဒေကို နှိုင်းယှဉ်လေ့လာ သုံးသပ်တင်ပြခြင်း၊ ဗညားဧကရီစိုးစာပေ၊ ဇူလိုင်လ၊ ၂၀၁၇။
၄။ မြန်မာ့အလင်းသတင်းစာ၊ တိုင်းပြည်မနာရန် နိုင်ငံသားဖြစ်မှု ဥပဒေရေးဆွဲ နိုင်ငံအပေါ်သစ္စာရှိမရှိ ထည့်သွင်း စဉ်းစား သွေးမစစ်သူများ မျက်စိဒေါက် ထောက် ကြည့်၊(၁၂-၁၂-၇၉)
၅။ ကြေးမုံသတင်းစာ(၉-၁၀-၈၂)ဧည့်သည်ဆိုပြီးမထီမဲ့မြင်ဆက်ဆံတာ မျိုးမလုပ်ပဲတလှေတည်းစီး တခရီးတည်း သွားသဘောနားလည်။