ထိုင်း – မြန်မာ နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ သောင်းရင်းမြစ်ကမ်းစပ်တွင် မြန်ာဘက်ခြမ်းမှ ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ မြန်မာအမျိုးသမီးတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ တာ့ချ်ခရိုင်အတွင်းရှိ မဲဆောက်၊ အုန်းဖန်၊ ဖေါ့ဖရာ၊ မဲရမတ် နှင့်ထဆောင်ယန်း အစရှိသော နယ်စပ်မြို့နယ်များတလျှောက် နယ်စပ်လုံခြုံရေးဆောင်ရွက်နေသည့်ထိုင်းရဲတပ်ဖွဲ့မှ သောင်းရင်းမြစ်လယ်ရှိ မြန်မာပိုင် ဆင်ဖြူကျွန်း နှင့် ဆက်စပ်နေသော ထိုင်းနိုင်ငံဘက်ခြမ်း နယ်မြေအတွင်း မသင်္ကာဖွယ်ရာ မြန်မာအမျိုးသမီးအား တွေ့ရှိရ၍ ဖမ်းဆီးစစ်ဆေးခဲ့ရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်များအရ သိရသည်။
ထို မြန်မာအမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၉၀၀၀၀) ပြား၊ ICE (မက်သ်အဖက်တမင်) တစ်ကီလိုကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ဆိုထားသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မြန်မာအမျိုးသမီးအား မဲဆောက်ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း နှင့် ၎င်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ထိုင်းအာဏာပိုင်များ၏ ပြောကြားချက်များအား ကိုးကား၍ ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်များအရ သိရသည်။
Photo-ထိုင်းရဲများ