ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းမည့်သည်သူမရှိသဖြင့် ဒေသန္တရအမိန့်ဖောက်ဖျက်ကျူးလွန်သူများအား စိစစ်ကာ စစ်သားစုဆောင်းရေးသို့ ပို့ဆောင်နေကြောင်း စစ်ကောင်စီ နှင့် နီးစပ်သူများ၏ ပြေကြားချက်များအရ သိရသည်။
ယခင်က စစ်မှုထမ်းအပတ်စဉ်များအတွက် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အမှုပွဲစားများ၊ လူပွဲစားများမှတဆင့် စစ်မှုထမ်းမည့်သူများအား ငွေကြေးပေးကာ ခေါ်ယူပြီးနောက် စစ်မှုထမ်းသင်တန်းများသို့ ပို့ဆောင်မှုများ လုပ်ဆောင်ခဲ့ကြသော်လည်း ယခုအခါ စစ်မှုထမ်းမည့်သူများခေါ်ယူ၍ မရတော့သည့်အတွက်ကြောင့် ဒေသန္တရအမိန့်ဖောက်ဖျက်သူများအား ဖမ်းဆီးကာ စစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် သတ်မှတ်ထားသည့် အချက်အလက်များ ကိုက်ညီပါက စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်နေကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားအရ သိရသည်။
မွန်ပြည်နယ်အတွင်း ချောင်းဆုံးမြို့နယ် နှင့် ကျိုက်မရောမြို့နယ်မှအပ ကျန်မြို့နယ် (၈) မြို့နယ်အတွင်း ဒေသန္တရအမိန့်များ အသီးသီးထုတ်ပြန်ထားပြီး၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင် နှင့် ရေးမြို့နယ်များအတွင်း ဆိုင်ကယ်စီးနင်းရာ၌ အမျိုးသားနှစ်ဦး စီးနှင်ခြင်းမပြုသည့် အချက်များအပါအဝင် ဒေသန္တရအမိန့်များ ထုတ်ပြန်ထားသည်။
“မွန်ပြည်နယ်အတွင်းမှာက ချောင်းဆုံမြို့နယ်နဲ့ ကျိုက်မရောမြို့နယ်တွေလောက်ပဲ ဒေသန္တရအမိန့် မထုတ်ထားတာ။ ကျန်တဲ့ မြို့နယ် (၈) မြို့နယ်လုံးမှာ ဒေသန္တရအမိန့် ထုတ်ထားသလို၊ ရေးမြို့နယ်ဆိုရင်လည်း စစ်အုပ်ချုပ်ရေး ကြေညာထားတယ်။ လတ်တလောမှာ ဆိုင်ကယ်ကို အမျိုးသားနှစ်ယောက်စီးတာတို့၊ နောက် ည (၁၂) နာရီနောက်ပိုင်းအပြင်မှာ အရက်ထိုင်သောက်နေကြသူတွေ ဘာတွေကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးရမိပြီးဆိုရင် သူတို့ကို မြို့နယ်ထွေ/အုပ်ရုံးကို ပို့တယ်။ အဲ့ဒီကနေမှတဆင့် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့သူတွေဆိုရင် စစ်သားစုဆောင်းရေးကို ပို့တာမျိုးတွေ လုပ်ဆောင်လာပါတယ်။ အဓိကက ပြည်သူ့စစ်မှုထမ်း သင်တန်းတွေအတွက် သင်တန်းသားအသစ်တွေကို ခေါ်လို့မရတော့လို့ ဖြစ်ပါတယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ထို့အပြင် ပွဲလမ်းသဘင်များမှ ညအချိန်မတော် ပြန်လာသူများကိုလည်း ဖမ်းဆီးမှုများရှိနေပြီး၊ မြို့ပေါ်ရပ်ကွက်များ၌ ငွေကြေးပေးကာ ပြန်လွှတ်မှုများရှိသော်လည်း၊ နယ်ဘက်တွင်မှု စစ်သားစုဆောင်းရေးသို့ ပို့ဆောင်မှုများ လုပ်ဆောင်နေသည်ဟု ကြားသိရကြောင်းလည်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ တတိယအပတ်အတွင်းက မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းမှ ဒေသခံလူငယ် (၂၀) ဦးကျော်မှာ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး၊ အတင်းအဓမ္မ စစ်သားစုဆောင်းခံထားရကြောင်းလည်း ဒေသခံများထံမှ သိရသည်။
မွန်ပြည်နယ်အတွင်း စစ်ကောင်စီမှ ဖွင့်လှစ်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ် (၁) မှ (၆) အတွင်း စစ်သားအဖြစ် စုဆောင်းခံရသူ (၁၄၀၀) ကျော်ရှိကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
Photo-စစ်သားအဖြစ် စုဆောင်းခံရသူများ