စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူ၏ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအုပ်စု၊ လက်ပြကျေးရွာ၊ ကျောင်းကြီးပိုင်းရှိ နေအိမ်အား စစ်ကောင်စီမှ ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ (၂၂) ရက်နေ့၊ နေ့လည် (၁) နာရီခွဲအချိန်ခန့်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခြင်း ခံထားရသည့် ကိုထက်မြတ်သူ၏ မိခင်ဖြစ်သူ ဒေါ်စိုးစိုးခိုင် နေထိုင်ခဲ့သော ယင်းနေအိမ်အား စစ်ကောင်စီမှ ချိပ်ပိတ်သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
“မနေ့ကမှ ကိုထက်မြတ်သူတို့အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးအပိုင်းက လူတွေလာပြီးတော့ ဗီနိုင်းလာချိတ်သွားတာပါ။ ကိုထက်မြတ်သူ ရဲ့ မိခင်ဖြစ်သူ ဒေါ်စိုးစိုးခိုင် ကတော့ တိမ်းရှောင်နေရတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၂၁) ရက်နေ့ နံနက် (၉) နာရီဝန်းကျင်အချိန်ခန့်က ကျိုက်ထိုမြို့နယ် လှည်းလမ်းကူးကျေးရွာအုပ်စု၊ လက်ပြကျေးရွာ၊ ကျောင်းကြီးပိုင်းရှိ ဒေါ်စိုးစိုးခိုင်၏ နေအိမ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များရောက်ရှိနေကြောင်း သတင်းအရ အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင် ရဲဘော်ကျင်ဝှက် နှင့် ရဲဘော်အဝင်း တို့နှစ်ဦး သေဆုံးခဲ့ကာ၊ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူ နှင့် လွတ်လပ်သော ဒီမိုကရက်တစ်အသံ (DVB) မှ ဒေသအခြေစိုက် အလွတ်တန်းသတင်းထောက် ကိုဝင်းထွဋ်ဦး (ခ) ဖိုင်ဇယ် တို့ နှစ်ဦးအား စစ်ကောင်စီမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထို့အပြင် စစ်ကောင်စီမှ ဝင်ရောက်စီးနင်းပစ်ခတ်မှုအတွင်း ပစ္စတိုသေနတ် (၃) လက်၊ ကျည် (၄၀) တောင့်၊ ကျည်အိမ် (၄) ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖေါ်ပြချက်များအရ သိရသည်။
ကိုထက်မြတ်သူ မှာ (၂၀၂၁) ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြသည့် ဆန္ဒပြပွဲအား ဓါတ်ပုံရိုက်၍ သတင်းယူနေစဉ် စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမှုကြောင့် ခြေထောက်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကာ ဖမ်းဆီးခံခဲ့ရပြီးနောက် အကျဉ်းကျခဲ့ရကာ၊ (၂၀၂၁) ခုနှစ် အောက်တိုဘာလတွင် လွတ်/ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီးနေက်တွင်လည်း အလွတ်သတင်းထောက်အဖြစ် ဆက်လက်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။
ထို့အတူ ကိုဝင်းထွဋ်ဦး မှာလည်း စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့်အတွက်ကြောင့် ပုဒ်မ – ၅၀၅ ဖြင့် ဖမ်းဝရမ်းအထုတ်ခံထားရသူတစ်ဦးဖြစ်ကြောင်း နှင့် လွတ်လပ်သော ဒီမိုကရက်တစ်အသံ (DVB) မှ ဒေသအခြေစိုက် အလွတ်တန်းသတင်းထောက်အဖြစ် သတင်းများ တင်ဆက်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
Photo- သတင်းထောက် ကိုထက်မြတ်သူနှင့် သူငယ်ချင်းတစ်ဦး