တနင်္သာရီတိုင်းဒေသကြီးအတွင်းက စစ်ဘေးရှောင်များရှိရာ ဒေသများကို စစ်ကောင်စီက ကုန်စည်သယ်ယူခွင့်များ ကန့်သတ်လိုက်ခြင်းကြောင့် စားဝတ်နေရေး အခက်အခဲအပြင် ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများပါ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာဒေသများဖြစ်သည့် ထားဝယ်အရှေ့တောဒေသအပါအဝင် သရက်ချောင်း၊ တနင်္သာရီနှင့် ပုလောမြို့နယ်တို့ရှိ အချို့ကျေးရွာများတွင် ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရပြီး ကုန်စည်ကန့်သတ်မှုကြောင့် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူနေရသည့်အပြင် ဆေးဝါးနှင့် ကုန်စည်ပြတ်လပ်မှုများပါ ကြုံတွေ့လာနေရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေကြသူများက ပြောကြားသည်။
”အသားငါးတွေဆို မရသလောက်ဘဲ၊ ကုန်ခြောက်တွေလည်း ရတဲ့လမ်းကနေ သယ်နေရတယ်၊ ရေကြောင်းကလည်း သယ်ရတာရှိတော့ အခက်အခဲ၊ အသက်ပါ စိုးရိမ်ရတဲ့အထိ ဖြစ်တယ်။ ငွေကြေးတတ်နိုင်သူတွေက အဆင်ပြေနေသေးပေမယ့် မရှိသူတွေကတော့ တော်တော်လေးကို ခက်ခက်ခဲခဲ ရုန်းနေရတယ်၊ အလှူရှင်တွေ လိုအပ်နေတယ် ” ဟု စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောကြားသည်။
စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စများအပြင် တိုက်ပွဲကြောင့် လက်နက်ကြီးနှင့် လေကြောင်းရန်ပါ ရင်ဆိုင်နေကြရသဖြင့် ဆောင်းတွင်းကာလ လုံခြုံဘေးကင်းစွာ နေထိုင်နိုင်ရေးအတွက်ပါ အခက်အခဲများရှိနေကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
”အဲဒီမြို့က မိတ်ဆွေတွေ ပြောလို့သိရတာက သူတို့မြို့မှာ အဆိုးဆုံးတဲ့၊ တနင်္သာရီမြို့နယ်တစ်ခုလုံးပါ၊ သူ့မှာက စစ်ရှောင်အများဆုံးပဲ သောင်းနဲ့ချီရှိနေတယ်၊ စစ်ကြောင်းထိုးတာကြောင့်ရော၊ တိုက်ပွဲကြောင့်ရော ရွာအတော်များများက စစ်ဘေးရှောင်နေကြရတာ၊ အချိန်ကြာလာလေ ပိုဆိုးလေလေဖြစ်လာတော့မယ် ” ဟု ထားဝယ်မြို့နေ ပြည်သူတစ်ဦးက ပြောကြားသည်။
မှတ်တမ်းများအရ တနင်္သာရီတိုင်းဒေသကြီးတွင် အောက်တိုဘာလတစ်လအတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင်လူဦးရေ ၆၀၀၀၀ ကျော်ရှိခဲ့ပြီး သိန်းနှင့်ချီရှိနေနိုင်ကြောင်း ခန့်မှန်းထားကြသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုတို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး အရပ်သားထိခိုက်သေဆုံးမှု၊ နေရပ်စွန့်ခွာတိမ်းရှောင်မှု၊ လမ်းပန်းဆက်သွယ်ရေး ကန့်သတ်ပိတ်ဆို့မှုများ ရှိနေကြောင်း သိရသည်။
Photo-စစ်ရှောင်များ