ထိုင်းနိုင်ငံက တားမြစ်ထားသည့် အီးစီးကရက်လုပ်ငန်းခွင်သို့ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့က နိုဝင်ဘာလ ၂၂ ရက်နေ့က ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခဲ့ရာ မြန်မာအမျိုးသမီး ၂၂ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
တရုတ်လုပ်ငန်းရှင်ဦးစီးသည့် အီးစီးကရက်လုပ်ငန်းခွင်ထဲ၌ အီးစီးကရက်ပေါင်း ၃၅၀၀ ကျော်အပါအဝင် ဆေးရည် ၆၃ ဂါလံနှင့် စက်ပစ္စည်း ၈ လုံး၊ အခြားပစ္စည်းပေါင်း ၃ သောင်းကျော်ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားသည်။
” အထောက်အထားမရှိလို့ ဖမ်းဆီးခံခဲ့ရသူတွေအနေနဲ့ ထိုင်းလ၀က ဥပဒေအရ ထောင်ဒဏ်တစ်လခွဲ ကျခံရနိုင်တယ်၊ ပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့ခံရပါ။ သူတို့ကို အလုပ်ဌားရမ်းစေခိုင်းတဲ့ ထိုင်းအလုပ်ရှင်ကိုပါ ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့လည်းသိရတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။
ဘန်ကောက်မြို့အနီး ဘန်ဘောမြို့နယ်ထဲက လုပ်ငန်းခွင်အတွင်း ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ၁၁ ဦးမှာ အထောက်အထားမဲ့ တရားမဝင်လာရောက် လုပ်ကိုင်နေသူများဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်အဖြစ် ဇွန် ၅ ရက်မှ အောက်တိုဘာ ၂ ရက်နေ့ထိ ဖမ်းဆီးခဲ့ရာတွင် အထောက်အထားမဲ့လာရောက်အလုပ်လုပ်ကိုင်သူ မြန်မာနိုင်သားအလုပ်သမား၂၀၉,၄၃၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ဥပဒေအရဆက်လက်အရေးယူသွားရန်ရှိကြောင်းလည်း ထိုင်းသတင်းဖော်ပြချက်အရ သိရသည်။
လူငယ်များကို ဆေးလိပ်သောက်ရန်ဆွဲဆောင်နေသည်ဟုဆိုကာ ကျန်းမာရေးအကြောင်းပြချက်ဖြင့် ထိုင်းနိုင်ငံဥပဒေအရ ၂၀၁၄ ခုနှစ်ကတည်းက အီးစီးကရက်ကို ပိတ်ပင်ထားခြင်းဖြစ်သည်။
Photo- အီးစီးကရက်ပိတ်ပင်ထား