သံဖြူဇရပ်-ဘုရားသုံးဆူလမ်း စခန်းကြီးကျေးရွာအုပ်စု ဇီးနှစ်ပင်ကျေးရွာအနီး ယမန်နေ့ နံနက်ပိုင်းအချိန်က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ (၂၂) ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်က အင်အား (၁၀၀) ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များအကြား ဇီးနှစ်ပင်ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒေသခံတစ်ဦးက “ရွာနားမှာ တိုက်ပွဲဖြစ်တော့ ရွာသူရွာသားတွေလည်း စစ်ဘေးရှောင်ကြနေကြရတယ်။ တိုက်ပွဲက နာရီဝက်လောက်ဘဲ ဖြစ်သွားတာလို့ သိရတယ်။ တချို့လည်း မနေ့နေ့လည်ပိုင်းလောက်မှာ ရွာပြန်ဝင်သွားကြတာမျိုးရှိတယ်။ တချို့လည်း အခြေအနေတွေစောင့်ကြည့်နေကြတုန်းဘဲ” ဟု ပြောကြားသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သံဖြူဇရပ်အခြေစိုက်တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု သိရသော်လည်း မြေပြင်အခြေအနေအား တိတိကျကျ မသိရသေးကြောင်း ၎င်းဒေသခံက ဆိုသည်။
စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များ ဖေါ်ပြရာတွင် ဇီးနှစ်ပင်ကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိကြောင်း၊ PDF အလောင်းနှစ်လောင်း နှင့် ISUZU D-Max 4 x 4 Wheel Extra Cab အမျိုးအစား ကား (၃) စီးနှင့် ISUZU D-Max 4 x 4 Wheel Single Cab ကား (၁) စီး သိမ်းဆည်းရမိခဲ့ကြောင်း ရေးသားခဲ့သော်လည်း အတည်ပြု၍ မရသေးပေ။
ပြီးခဲ့သည့် နိုဝင်ဘာလ (၁၀) ရက်နေ့က ဇီးနှစ်ပင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များအကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ သံဖြူဇရပ်အခြေစိုက် အမှတ် (၁၂) တန်းမြင့်လေ့ကျင့်ရေးတပ်မှ ဒုဗိုလ်မှူးကြီး သိန်းလင်းညို အပါအဝင် ဗိုလ်မှူး (၁) ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦး သေဆုံးခဲ့သည်။
Photo-တိုက်ပွဲဖြစ်ပွားသည့် ခန်းမှန်းနေရာ(Google Map)