ရေးမြို့နယ်၊ ရေး – ထားဝယ်လမ်းပိုင်းပေါ်ရှိ ရေးမြို့နှင့် မလွှဲတောင်အကြား ကိုးမိုင်တံတားတွင် ယနေ့နံနက် ၁ နာရီကျော်ခန့်က မိုင်းပေါက်ပွဲမှုဖြစ်ပွားခဲ့သဖြင့် ကားများပိတ်မိနေကြောင်း သိရသည်။
အဆိုပါ ကိုးမိုင်တံတားချဉ်းကပ်လမ်းအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။
ထားဝယ် – ရန်ကုန် ယာဉ်လိုင်းမှာ တာဝန်ရှိသူတစ်ဦးက ”နံနက် ၁ နာရီကျော်လောက်ပေါ့၊ အသံက ရေးအထိတောင်ကြားရတယ်၊ မိုင်းတော်တော်ပြင်းပုံရတယ်၊ ပျက်စီးမှုအနေအထားအရ ကားကတော့ လက်ရှိသွားလို့မရတော့ဘူး၊ ထားဝယ်-ရန်ကုန် သွားမယ့်ကားတွေက ပိတ်မိနေတယ်၊ ရေးဘက်က မာရှယ်လောဖြစ်လို့ ပိတ်တာသိပ်မရှိဘူး” ဟု ပြောကြားသည်။
ထားဝယ်ဘက်မှ ဆက်တက်လာသည့်ကားများကို မလွှဲတောင်ဂိတ်မှ ပိတ်ဆို့ထားပြီး တံတားပြန်လည်ပြင်ဆင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်နေကြောင်း ရေးခရိုင်စီမံအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ကိုးမိုင်ရွာသားတစ်ဦးက “ပင်မတံတားတော့ ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူး။ ရေးမြို့ဘက်ကနေ ထားဝယ်မြို့ဘက်အသွား တံတားချဉ်းကပ်လမ်းကတော့ ပျက်ဆီးသွားတယ်။ အခု ပြန်လည်ပြင်ဆင်မှုတွေလုပ်ဆောင်နေပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး ရေး-ထားဝယ်လမ်းပိုင်းရှိ မောင်မယ်ရှောင်တံတားမှာ မိုင်းခွဲခံခဲ့ရသေးကြောင်းနှင့် ပွင့်လင်းရာသီမှစတင်ကာ စစ်ကောင်စီအနေဖြင့် ရေး – ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ရေးကြိုးစားနေပြီး တော်လှန်ရေးအင်အားစုများ လှုပ်ရှားနေသည့် ဒေသတချို့တွင် စစ်ကြောင်းထိုးမှုများ ပြုလုပ်လျက်ရှိသည်။
ရေးမြို့နယ် ကိုးမိုင်ကျေးရွာအနီးရှိ ကိုးမိုင်တံတားမှာ ထားဝယ် – ရေးကားလမ်းမ မိုင်တိုင်အမှတ်၁၀၇/၁ နှင့် ၁၀၇/၂ ကြားတွင်တည်ရှိသော တံတားအမှတ် (၁/၁၀၈) ဖြစ်ကြောင်း၊ အလျား (၁၈၀) ပေ၊ အကျယ် (၃၄) ပေရှိ သံကူညွန်ကွန်ကရစ်တံတားအမျိုးအစားဖြစ်ကြောင်း နှင့် (၂၀၀၂) ခုနှစ်က ဇွန်လ (၁) ရက်နေ့က စတင်တည်ဆောက်ခဲ့ပြီး (၂၀၀၃) ခုနှစ် မေလ (၃၁) ရက်နေ့တွင် တည်ဆောက်ပြီးခဲ့သည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
Photo-ကိုးမိုင်တံတား မိုင်းခွဲခံရပုံ