ရှမ်းမြောက်ဒေသက ကာစီနိုတွေ အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းတွေ ဆက်တိုက်အဖြိုချခံနေရတဲ့ အချိန်မှာ ဒုတိယကမ္ဘာစစ်အတွင်းက လူအသက်ပေါင်းများစွာ မြှုပ်နှံခဲ့လို့ သေမင်းတမန်ရထားလမ်း နာမည်ဆိုးနဲ့ထင်ရှားခဲ့တဲ့ ဘုရားသုံးဆူမြို့ဟာ လောင်းကစားမြို့တော်အဖြစ်ကို တာစူနေပါပြီ။
အွန်လိုင်းလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး မြဝတီမြို့နယ်တစ်ဝိုက်မှ ထွက်ခွာသွားရန် ဗိုလ်မှူးချုပ် စောချစ်သူ ဦးဆောင်တဲ့ ကရင်ပြည်နယ် နယ်ခြား စောင့်တပ်(BGF)အဖွဲ့က ထုတ်ပြန်သတိပေးခဲ့ပြီးနောက်ပိုင်းမှာတော့ ခြောက်သွေ့တိတ်ဆိတ်နေတဲ့ ဘုရားသုံးဆူမြို့လေး ပိုမိုစည်ကားလာတာ ဖြစ်ပါတယ်။
ငါးမန်းဂိမ်းလောင်းကစားခုံတွေ ကျား/မ လူငယ်ဂိမ်းလုပ်သားတွေ ကာစီနိုလောင်းကစားရုံတွေနဲ့ စည်ကားနေသလို ဘုရားသုံးဆူမြို့မှာ တရုတ်မျက်မှာပေါက်များနဲ့ ပြည့်နှက်နေပြီးတော့ မှတ်ပုံတင်ကြည့်စရာမလိုဘဲ မြင်လိုက်တာနဲ့ ဆွေမျိုးပေါက်ဖော်တွေမှန်း တန်းသိသွားမှာပါ။
“ညဘက်ဆို မြို့ပေါ်မှာ ကားတဝီဝီနဲ့ တရုတ်တွေက လျှောက်သွားနေတာပဲ၊ စားသောက်ဆိုင်တွေမှာ ဆွေမျိုးပေါက်ဖော်တွေက ငွေတော်တော်သုံးဖြုံးနိုင်တယ်၊ ဆိုင်တွေများလာတယ်၊ အခုကျနော်နေထိုင်တဲ့ ဒီသုံးဆူမြို့လေးဟာ အတော်လေး ပြန်စည်ကားလာတယ်” လို့ ဘုရားသုံဆူမြို့နေ ၈၈ မျိုးဆက် တော်လှန်ရေးရဲဘော်ဟောင်းတစ်ဦးက ပြောပါတယ်။
သေနတ်သံ၊ တိုက်ပွဲသံ၊ လေယာဥ်ဗုံးကြဲသံနဲ့အတူ ကရင်ပြည်နယ်နေရာအနှံ့မှာ စစ်ဘေးဒဏ်ခံစားနေရပေမယ့် ဘုရားသုံးဆူမြို့မှာဆိုရင် သေနတ်သံတွေ တိတ်ဆိတ်နေပြီးတော့ ဘယ်အဖွဲ့အစည်းကနေ အုပ်ချုပ်နေတာကိုတော့ အတိအကျမပြောနိုင်ဘူးလို့ သူကဆက်ပြောပါတယ်။
“တရုတ်တွေက ဒီကလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီးမှ ဘုရားသုံးဆူ ရောက်လာတာပါ၊ ဒီမြို့မှာက ဘယ်သူအုပ်ချုပ်နေတာလဲ အတိအကျပြောဖို့ ခက်ပါတယ်၊ စစ်တပ်ကတော့ သူ့တပ်ရင်းနေရာမှာပဲ သူရှိနေသေးတယ်၊ အပြင်လုံးဝမထွက်ဘူး၊ ရဲကလည်း သူ့စခန်းမှာ သူတို့အခိုင်အမာ ရှိနေသေးတယ်၊ ဒါပေမယ့် ကျန်တဲ့ဌာနဆိုင်ရာတွေ လုံးဝမတွေ့ရတော့ဘူး၊ အရင်က စရဖရုံးတို့ SB ရုံးတို့မှာဆိုရင် ကရင်စစ်သားတွေ ရောက်နေတယ်၊ စစ်ကောင်စီအနေနဲ့ မြို့ကို အုပ်ချုပ်နိုင်စွမ်းမရှိတော့ဘူးဆိုတာ သေချာတယ်၊ ဒီကြားထဲ လက်ဦးမှုယူပြီးတော့ ဒီကေဘီအေကလည်း ဘုရားသုံးဆူမြို့ ကို သူတို့ထိန်းချုပ်ထားတဲ့ပုံစံမျိုး စာထုတ်ထားပြန်တယ်”
DKBA တပ်ဖွဲ့ဝင်တွေ လိုက်နာဖို့ အောက်တိုဘာ (၂၄) က သီးသန့်ထုတ်ပြန်တဲ့အမိန့်စာမှာ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်၊ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့နဲ့ စစ်ကြောင်းတွေအားလုံး တာဝန်မှအပ မြို့တွင်းကို လက်နက်ခဲယမ်းကိုင်ဆောင်သွားလာခြင်း ခွင့်မပြုဘူးလို့ ဆိုပါတယ်။
မြို့ထဲဝင်လာတဲ့အခါမှာ DKBA ဆက်ဆံရေးရုံးကို အသိပေးအကြောင်းကြားဖို့။ မြို့ပေါ်မှာ လက်နက်ခဲယမ်းကိုင်ဆောင်ပြီးသွားလာတာ၊ ဆူပူရမ်းကားတာ၊ လက်နက်ပြခြိမ်းခြောက်တာ၊ စစ်ယူနီဖောင်းဝတ်ပြီးစျေးထွက်ဝယ်တာမျိုးကို လုံးဝ(လုံးဝ)ခွင့်မပြုသလို ပြည်သူတွေအကြား မှုခင်းကိစ္စတွေ ဖြစ်ပေါ်လာရင် မိမိသဘောနဲ့ ဖြေရှင်းတာ မပြုလုပ်ဖို့နဲ့ DKBA ဆက်ဆံရေးရုံးကနေတဆင့် ဖြေရှင်းသွားဖို့ ထုတ်ပြန်ထားတဲ့ အချက် ၁၂ ချက်ကို ဖတ်ရပါတယ်။
ဘုရားသုံးဆူမြို့နေ CDM ဝန်ထမ်းတစ်ဦးက “တချို့တွေက ဘက်တဆိပ်တွေ မတပ်ကြဘူး၊ အဖွဲ့အစည်းတွေက ရောနေတယ်၊ ဒီကေဘီအေမှာတော့ လူမျိုးပေါင်းစုံ ဖြူဖြူမဲမဲပုပုရှည်ရှည် စုံလို့ပါပဲ မှန်းရထိတယ်ခင်ဗျ၊ KNU ကတော့ အကုန်လုံး ကရင်မျက်နှာပေါက်တွေချည်းပဲ၊ PDF ကျတော့ နည်းနည်းလူရည်သန့်တဲ့ လူငယ်တွေချည်းပဲ အရွယ်တူ ဖြစ်နေတယ်”
ယခင်ကာလကတည်းကပင် NCA လက်မှတ်ထိုးတားကြတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU, DKBA, ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC နဲ့ မွန်ပြည်သစ်ပါတီ NMSP တို့က ဘုရားသုံးဆူမြို့ပေါ်မှာ ဆက်ဆံရေးရုံးတွေ ဆက်လက်ဖွင့်လှစ်ထားပြီး ကရင်နယ်ခြားစောင့် BGF 1021, 1023 တပ်ရင်းတွေအပြင် အာဏာသိမ်းပြီးပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကလည်း သူ့အနေအထားနဲ့သူ သွားလာလှုပ်ရှားနေတာပါ။
အခုလိုအခြေအနေအောက်မှာက စစ်ကောင်စီရဲ့ ထွေအုပ်အပါအဝင် အစိုးရဌာနဆိုင်ရာတွေကိုလည်း မတွေ့ရသလို ရဲနဲ့ စစ်တပ်ကတော့ လုံးဝအပြင်မထွက်ပေမယ့် သူတို့ တပ်ရင်းတပ်ဖွဲ့နေရာတွေမှာပဲ ဆက်ပြီးရှိနေသေးတယ်ဆိုတော့ မထင်မှတ်တဲ့အချိန်ကာလမှာ တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ သူက ယူဆပြောဆိုပါတယ်။
“ဒီမှာက ရဲနဲ့တပ် ၂ ခုပဲရှိတော့တယ်၊ ထွေအုပ်က လုံးဝမရှိဘူးခင်ဗျ၊ တခြားဌာနဆိုင်ရာတွေ တချို့ရှိတော့ ရှိသေးတယ် ဒါပေမယ့် အပြင်လည်းမထွက်တော့ဘူး အလုပ်လည်း လုပ်စရာမလိုတော့ဘူး၊ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ရတာပေါ့နော်၊ ဒီအတိုင်းပဲ ငြိမ်သွားလိမ့်မယ်လို့ မထင်ဘူး”
သံဖြူဇရပ်-ဘုရားသုံးဆူလမ်းကြောတလျှောက်မှာ စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာရုံးကျသွားရင် ဘုရားသုံးဆူမြို့စောင့်တပ်ကလည်း လက်နက်ချရမယ့်အနေအထားကို မြင်တွေ့နေရတယ်လို့ နယ်စပ်စစ်ရေးအကဲခတ်တစ်ဦးက ယူဆပြန်ပါတယ်။
“သံဖြူဇရပ်ကတက်လာရင် အနန်းကွင်းဗျူဟာတစ်ခုပဲ ကျန်တော့တယ်၊ လွှတ်ရှမ်း၊ တောင်စွန်း၊ ဘုရားတောင်ဂိတ်ကို KNU အကုန်လုံးသိမ်းထားပြီးပြီ၊ ဘုရားသုံးဆူအဝင် နဂါးတောင်မှာလည်း စစ်တပ်မနေတော့ဘူး၊ မြို့ထဲက တပ်ရင်းဌာနချုပ်မှာအထဲမှာပဲ စုပြီး နေကြတာ၊ တကယ်လို့သာ အနန်းကွင်းကျသွားရင်တော့ ဘုရားသုံးဆူက တပ်ရင်းနဲ့ ရဲစခန်းကိုတော့ KNU လက်ထဲအလိုလိုရောက်လာမှာပါ”
အချုပ်အားဖြင့်ဆိုရသော် လောင်းကစားမြို့တော်အဖြစ်သို့ ဘုရားသုံးဆူမြို့ အသွင်ပြောင်းလာခြင်းဟာ လောင်းကစားမှုမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်တဲ့ ခိုးမှု၊ ဓားမြမှု၊ ငွေကြေးအတင်းအဓမ္မ ရယူလိုမှုကြောင့် ဖြစ်လာနိုင်တဲ့ လူသတ်မှုတွေ၊ လောင်းကစားဝိုင်းများမှတဆင့် ဆက်နွယ်လာနိုင်တဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုကအစ ကူးသန်းရောင်းဝယ်မှုတွေအပြင် နယ်စပ်က လူကုန်ကူးမှုတွေကိုပါ ထိုင်းတွေ တဖက်ခြံစည်းရိုးကနေ မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်းပါ။
(ပြီး)