မွန်ပြည်နယ်တွင် နေကြာမစိုက်သည့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများကို နိုင်ငံတော်ပုန်ကန်မှုဖြင့် အရေးယူသွားမည်ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးက အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယအပတ်အတွင်းက မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သော စီမံကိန်းသီးနှံစိုက်ပျိုးရေးအတွက် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဌာနနှင့် နီးစပ်သူများထံမှသိရှိရသည်။
ယခုနှစ် ဆောင်းရာသီတွင် ဆီထွက်သီးနှံတစ်ခုဖြစ်သည့် နေကြာအား မွန်ပြည်နယ် (၁၀) မြို့နယ်တွင် စိုက်ပျိုးရမည်ဆိုသော်လည်း လောလောဆယ်မှာ နေကြာမျိုးမရှိသည့်အတွက်ကြောင့် အခက်တွေ့နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၄င်းက “ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးက နေကြာမျိုးမရှိလို့ မြေပဲပြောင်းစိုက်မယ်လို့ အစည်းအဝေးမှာ ပြောလို့ ဝန်ကြီးချုပ်နဲ့ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးတို့ ပြဿနာဖြစ်ကြတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင် နေပြည်တော်စိုက်ပျိုးရေးရုံးချုပ်ကို နေကြာမျိုး လှမ်းမှာတာမျိုးလုပ်ဆောင်ခဲ့ရတယ်” ဟု ဆိုသည်။
ဒေသအတွင်း စားသုံးဆီဖူလုံရန်အတွက်ဟုဆိုကာ မွန်ပြည်နယ်အတွင်းယခုနှစ်ဆောင်းရာသီ၊ ဆောင်းသီးနှံစိုက်ပျိုးရာတွင် နေကြာ ဧက (၁၈၀၀၀) စိုက်ပျိုးသွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားထားကြောင်း သိရသည်။
“ဝန်ချုပ်နဲ့ နေကြာမျိုး ကိစ္စလည်း ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးက အားမထည့်တော့ ဝန်ချုပ်ကိုယ်တိုင် စိုက်ပျိုးရေးရုံးချုပ်ကိုလှမ်းမှာရတဲ့ သဘောမျိုးဖြစ်သွားတာ၊ ပြည်နယ်ဦးစီးမှူး မိန်းမက CDM ဆိုတော့ ဌာနအလုပ်တွေလည်းသိပ်တက်တက်ကြွကြွမရှိဘူး။ ဝတ်ကျေတမ်းကျေလောက်ပဲလုပ်တယ်။” ဟု မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
လက်ရှိ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး၏ ဇနီးဖြစ်သူမှာ စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး CDM ပြုလုပ်ထားသူတစ်ဦးဖြစ်သည့်အပြင်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးကိုယ်တိုင်လည်း Silent Strike နေ့များတွင် သပိတ်မှောက်သည့်အနေဖြင့် ရုံးမတက်ကြောင်းလည်း မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်နီးစပ်သူများက ပြောဆိုကြသည်။
Photo-နေကြာပန်းစိုက်ခင်း