အာဖရိကနိုင်ငံများရှိ One Belt One Road ခါးပတ်လမ်းတွင် တရုတ်လုံခြုံရေးကုမ္ပဏီများ၏ ဖြန့်ကျက်ချထား မှုသည် ဥပဒေအရ ခိုင်မာသောစည်းမျဉ်းဘောင် ကန့်သတ်ချက်များမပါရှိဘဲ တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။ ၎င်းဆောင်ရွက်များသည် အာဖရိကနိုင်ငံသားများအတွက် မြင့်မားသောအန္တရာယ်တို့ကို ဆက်လက်ဖြစ်ပေါ်စေပြီး အာဖရိကလုံခြုံရေးတာဝန်အတွက် မေးခွန်းများစွာ ဖြစ်ပေါ်စေခဲ့သည်။
အာဖရိကအတွက် ပိုမိုခိုင်မာသော စည်းမျဉ်းစည်းကမ်းနှင့် လုပ်ငန်းစဉ်များသည် အာဖရိကနိုင်ငံသားများ၏ အကျိုးစီးပွားကို ဦးစားပေး၍ ကာကွယ်ရန် မရှိမဖြစ် လိုအပ်လာနေဆဲဖြစ်သည်။
အာဖရိကနိုင်ငံများတွင်ဖြစ်ပေါ်ခဲ့သော တရုတ်၏ လုံခြုံရေးစာချုပ်ချုပ်ဆိုခြင်းသည် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ သက်ဆိုင်ရာ နိုင်ငံတော်၏ ထိန်းချုပ်မှုအားနည်းလာခြင်း၊ အစိုးရ၏ဗျူရိုဂရက်အထက်တန်းလွှာများအပေါ် လွန်ကဲစွာလွှမ်းမိုးလာခြင်းနှင့် လူမှုရေးတင်းမာမှုများအပါအဝင် အချို့သော တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ SOEs (State-Owned Enterprises) များနှင့်ဆက်စပ်သော အန္တရာယ်များစွာကို ကြုံတွေ့ခဲ့ရသည်။
နိုင်ငံခြားလုံခြုံရေးကုမ္ပဏီများ တိုးပွားလာခြင်းသည် နိုင်ငံတစ်ခုအတွင်း အဓိကလုံခြုံရေး ဆောင်ရွက်နေသော အစိုးရ၏အခန်းကဏ္ဍကို ပျက်ပြားစေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုကိုလည်း ပိုမိုမြင့်မားစေသောကြောင့် အာဖရိကမူဝါဒကို များစွာသက်ရောက်မှု ရှိခဲ့သည်။
၂၀၁၂ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံ၏ One Belt One Road တွင် အလုပ်လုပ်ရန် တရုတ်ရွှေ့ပြောင်းလုပ်သား တစ်သန်းကျော် အာဖရိကသို့ ရွှေ့ပြောင်းလာခဲ့သည်။ တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (State Owned Enterprises-SOEs) ၂၀၀၀ ကျော်အပါအဝင် အာဖရိကတွင် တရုတ်ကုမ္ပဏီပေါင်း အနည်းဆုံး တစ်သောင်းကျော် ရောက်လာသည်။ တရုတ် SOE များသည် တစ်ကမ္ဘာလုံး လုံခြုံရေးအတွက် နှစ်စဉ် ဒေါ်လာ ၁၀ ဘီလီယံခန့် သုံးစွဲခဲ့ကြောင်း ပေကျင်းအခြေစိုက် China Overseas Security and Defense Research Center က ဖော်ပြသည်။
တရုတ်အစိုးရအနေဖြင့် ပုဂ္ဂလိကနှင့် လုံခြုံရေးရောနှောထားသော တရုတ်လုံခြုံရေးကုမ္ပဏီများအပေါ် မှီခိုအားထားနေရသည်။ တရုတ်နိုင်ငံတွင် မှတ်ပုံတင်ထားသော လုံခြုံရေးကုမ္ပဏီ ၅၀၀၀ ကျော်ရှိပြီး PLA နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်ဟောင်း ၄ ဒဿမ ၃ သန်းကို ခန့်အပ်ထားသည်။
အာဖရိကတိုက်ရှိ တရုတ်ကန်ထရိုက်တာများ အရေအတွက်မှာ အလွန်များပြားနေသည်။ Beijing DeWe Security Service နှင့် Huaxin Zhong An လုံခြုံရေးအဖွဲ့တို့က အာဖရိကနိုင်ငံပေါင်း ၅၀ မှာသာမက တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် တရုတ်နိုင်ငံတို့တွင် ကန်ထရိုက်တာ ၃၅,၀၀၀ ကို ခန့်ထားသည်။
Overseas Security Guardians နှင့် China Security Technology Group တို့သည် အထက်ပါနေရာများအပြင် နေရာပေါင်း ၆၂,၀၀၀ တွင် အလုပ်ခန့်ထားသည်။ ကင်ညာတွင် DeWe သည် ဒေါ်လာ ၃.၆ ဘီလီယံတန် Mombasa-Nairobi-Naivasha Standard Gauge Railway တစ်ခုတည်းကို ကာကွယ်ရန် လုံခြုံရေး ကန်ထရိုက်တာ ၂၀၀၀ ခန့်ကို ခန့်အပ်ထားသည်။
တရုတ်လုံခြုံရေးကုမ္ပဏီ Hua Xin Zhong An ၏ ရေကြောင်းကာကွယ်ရေးဝန်ဆောင်မှုအဖွဲ့ဝင်များ။
တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီ၏ အစီရင်ခံစာအရ တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း SOEs တို့သည် အာဖရိက ဆောက်လုပ်ရေး ပရောဂျက်များတွင် အဓိက အစုရှယ်ယာများပါဝင်နေပြီး နှစ်စဉ် ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကျော် ရရှိနေသည်။ တရုတ်နိုင်ငံ၏ Belt and Road ရင်းနှီးမြှုပ်နှံမှုများ၏ ၈၄ ရာခိုင်နှုန်းသည် အလယ်အလတ်တန်းစား အန္တရာယ်များသောနိုင်ငံများတွင် တည်ရှိနေသည်ဟု ဆိုသည်။
၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း အာဖရိကနိုင်ငံများ၌ တရုတ်ကုမ္ပဏီများနှင့်ပတ်သက်သည့် ပြန်ပေးဆွဲမှု၊ အကြမ်းဖက်တိုက်ခိုက်မှုများမှသည် တရုတ်ဆန့်ကျင်ရေးအကြမ်းဖက်မှုအထိ ပြင်းထန်သော လုံခြုံရေးတိုက်ခိုက်မှုဖြစ်စဥ်ပေါင်း ၃၅၀ ကျော်ဖြစ်ပွားခဲ့ကြောင်း တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် အဆိုပါရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးရန် မြေပြင်တွင် ပိုမိုခိုင်မာသော တရုတ်လုံခြုံရေး တည်ရှိမှုအတွက် တရုတ် SOEs များက ပိုမိုတောင်းဆိုလာခဲ့ပြန်သည်။
အာဖရိကတိုက်တွင် ကြီးမားသော တရုတ်၏တည်ရှိနေမှုကို ထိန်းသိမ်းရန်လိုလားသော်လည်း ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အချက်များစွာတို့ကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အာဖရိကလုံခြုံရေးတပ်ဖွဲ့များအနေဖြင့် လူ့အခွင့်အရေး၊ လူသားတို့၏ ဂုဏ်သိက္ခာပိုင်းနှင့်ပတ်သက်သော တာဝန်များကို ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
အတိုချုပ်ပြောရလျှင် တရုတ်လုံခြုံရေးကုမ္ပဏီများကို နိုင်ငံတော်က ချုပ်ကိုင်ထားပြီး ၎င်းတို့၏ အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်ကြသဖြင့် တရုတ်လုံခြုံရေး ကုမ္ပဏီများသည် အာဖရိကခါးပတ်လမ်းတွင် အရှုပ်ထုပ်များ ဖြစ်ကြသော်လည်း ၄င်းတို့အတွက် အခွင့်အလမ်းများပြီး အကျိုးအမြတ်များစွာ ရရှိခဲ့သည်ဟု လေ့လာတွေ့ရှိရသည်။
Source; Chinese Security Firms Spread along the African Belt and Road- By Paul Nantulya.
#နိုင်ငံတကာ
#တရုတ်လုံခြုံရေးကုမ္ပဏီ