ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းသို့ ရေးမြို့ရှိ စစ်ကောင်စီ စကခ(၁၉)မှ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သောကြောင့် အခြေခံပညာအလယ်တန်း ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ကလေးများကျောင်းဆက်မတက်ဖြစ်တော့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၂ ရက်နေ့ နံနက်စောစောက စစ်တပ်မှလက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ တစ်လုံးမှာ စာသင်ကျောင်းအတွင်း ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်ဒဏ်ရာမရှိကြောင်း၊ အခါအားလျော်စွာ ကျေးရွာအတွင်းသို့ အကြောင်းမဲ့ပစ်ခတ်လေ့ရှိသဖြင့် ကလေးများကျောင်းဆက်ထားရေးအတွက် အလွန်စိုးရိမ်နေရကြောင်း ကျောင်းသားမိဘများက ပြောသည်။
ကျောင်းသားမိဘတစ်ဦးက “ခုလိုမပစ်တာ လနဲ့တော့ကြာနေပြီ၊ ပစ်လိုက်ရင် ရွာထဲချည်းပဲ၊ ဘာတိုက်ပွဲမှမရှိဘဲနဲ့ကို ပစ်တာ၊ ကြားတာကတော့ တော်လှန်ရေးတပ်တွေ လာတယ်ကြားလို့ ပစ်တယ်ပေါ့၊ ဘယ်သူမှလည်း မလာပါဘူး၊ ဒါက သူရဲဘောကြောင်တဲ့လုပ်ရပ်တစ်ခုပါ။ အပြစ်မဲ့ပြည်သူတွေပဲ သေကြ အနာတရဖြစ်ကြရသလို နေ့စဉ်နဲ့အမျှပဲ စိုးရိမ်စွာနဲ့နေနေရတယ်၊ ခု ကလေးတွေကို ကျောင်းပေးတက်ဖို့က စဉ်းစားနေရပြီ၊ ခုဟာက အသက်ဘေးကြောင့် ရွာခံအတော်များများလည်း သိပ်မနေကြပေမယ့် ခြံအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းလုပ်နေကြတဲ့သူတွေပဲ ဒီမှာအသက်စွန့်ပြီး လုပ်ကိုင်စားသောက် နေကြရတဲ့အခြေအနေပါ၊ အကြောင်းမဲ့ပစ်ခတ်တာတွေတော့ မလုပ်သင့်ပါဘူး ” ဟု ပြောသည်။
အလားတူ တိုက်ပွဲဖြစ်ပွားဖြစ်ပွားခြင်းမရှိပဲ ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေပိုင်းအချိန်ခန့်က ကလော့ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြှောက်တပ် ၃၁၆ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ကျုံလောင်းရွာဟောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
သို့ရာတွင် စစ်ကောင်စီဝါဒဖြန့်မီဒီယာများကမူ တပ်မတော်အနေဖြင့် ပြည်သူများနေထိုင်ရာနေရာများသို့ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများမှ ဘာသာရေးဆိုင်ရာ အဆောက်အဦများအပါအဝင် ပြည်သူများနေထိုင်သည့် ရပ်ကွက်၊ ကျေးရွာများအတွင်းဝင်ရောက်၍ လူသားဒိုင်းအသုံးပြုတိုက်ခိုက်ခြင်း၊ စခန်းချတိုက်ခိုက်ခြင်းများကို ဆောင်ရွက်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ရေးသားပြောဆိုလျက်ရှိသည်။

Photo-ကျုံလောင်းရွာဟောင်းနှင့် စာသင်ကျောင်းနေရာ