ကရင်လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသော ဘုရားသုံးဆူမြို့အတွင်း တပ်ဖွဲ့ဝင်များ မြို့တွင်းသို့ လက်နက်ခဲယမ်းကိုင်ဆောင်သွားလာခြင်းအပါအဝင် အချက် ၁၂ အား ခွင့်မပြုကြောင်း DKBA အမှတ်(၂)နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) အုပ်ချုပ်ရေးဌာနလက်အောက်၌ ဘုရားသုံးဆူမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားရှိခဲ့ပြီး NCA လက်မှတ်ရေးထိုးထားသည့် DKBA တပ်ဖွဲ့များက လုံခြုံရေးတာဝန်ယူထားကြောင်း စုံစမ်းသိရှိရသည်။
ဘုရားသုံးဆူ မြို့ခံတစ်ဦးက “မြို့ပေါ်မှာ စစ်ကောင်စီ တပ်ရင်းတစ်ခုရှိတယ်၊ ရဲစခန်းရှိတယ်၊ KNU ဆက်ဆံရေးရုံး၊ DKBA ဆက်ဆံရေးရုံး၊ NMSP ဆက်ဆံရေးရုံးရှိတယ် စရဖရုံးမှာ DKBA နဲ့ KNU နေတယ်၊ SB ရုံးမှာ KNU ရဲတွေနေတယ်၊ တစ်မြို့လုံး ကရင်စစ်သားတွေပြည့်နေတာပဲ၊ အစိုးရအုပ်ချုပ်ရေးဌာနတွေ တစ်ခုမှမရှိတော့ဘူး၊ အဲဒါကြောင့် မြို့ပေါ်မှာ သေနတ်တကားကားနဲ့ ပြန့်ကျဲမနေဖို့ စည်းကမ်းထုတ်လိုက်တာ ဖြစ်နိုင်တယ်” ဟု ယူဆပြောဆိုသည်။
ဘုရားသုံးဆူမြို့မှ DKBAတပ်ဖွဲ့၀င်များအတွက် ပြီးခဲ့သည့် အောက်တိုဘာ (၂၄) ရက်စွဲဖြင့် လိုက်နာရန် သီးသန့်ထုတ်ပြန်သည့်အမိန့်စာတွင် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) တပ်ဖွဲ့ဝင်၊ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့နှင့် စစ်ကြောင်းများ အားလုံးသည် တာဝန်မှအပ မြို့တွင်းသို့ လက်နက်ခဲယမ်းကိုင်ဆောင်သွားလာခြင်း ခွင့်မပြုပါကြောင်း ပါရှိသည်။
ယင်းအမိန့်စာတွင် တာဝန်ချိန်မှအပ မြို့တွင်းသို့ ယူနီဖောင်း/လက်နက်/ခဲယမ်းကိုင်ဆောင်သွားလာခွင့်မပြုရ။ DKBA တပ်ဖွဲ့ဝင်များ မြို့တွင်းသို့ ဝင်ရောက်လိုပါက (DKBA) ဆက်ဆံရေးရုံးသို့ အသိပေး အကြောင်း ကြားရမည်။ DKBA တပ်ဖွဲ့ဝင်အားလုံးသည် အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်သွားလာခြင်း လုံးဝ(လုံးဝ)မပြုရ။ DKBA တပ်ဖွဲ့ဝင်များ မြို့ထဲသို့ ဈေးဝယ်လိုပါက စစ်ဝတ်စုံနှင့် လက်နက်ခဲယမ်းကိုင်ဆောင် ခြင်း မပြုရ။ DKBA တပ်ဖွဲ့ဝင်များအနေဖြင့် မြို့တွင်း၌ ဆူပူရမ်းကားခြင်း/ လက်နက်ဖြင့်ခြိမ်းခြောက်ခြင်း မပြုလုပ်ရစသည်ဖြင့် ပါရှိသည်။
ထို့ပြင် တပ်ဖွဲ့ဝင်များ မြို့တွင်းသို့ ဈေးဝယ်လိုပါက စစ်သည်ရဲဘော်များအား ဆက်ဆံရေးရုံးတွင် ထားခဲ့ရန်။ တပ်ဖွဲ့ဝင်များ မော်တော်ယာဉ်မြို့ထဲတွင် အရှိန်ပြင်းစွာ မောင်းနှင်ခွင့်မပြုရ။ DKBA တပ်ဖွဲ့ဝင်များ စစ်ဝတ်စုံဖြင့်စားသောက်ဆိုင်/ အရက်ဆိုင်တွင်ထိုင်ခြင်း/စားသောက်ခြင်း မပြုရ။ D.K.BA တပ်ဖွဲ့ဝင်များ ခွင့်(သို့)တာဝန်ဖြင့် ခရီးသွားလိုပါက ခရီးသွားလက်မှတ်ကိုင်ဆောင်ရမည်။ စစ်ဆေးရန်လိုအပ်ပါက ထုတ်ပေးရမည်။မြို့တွင်းသို့ မိမိ၏ စစ်ဝတ်စုံအား အရပ်တစ်ပိုင်း/စစ်တစ်ပိုင်း လုံးဝ(လုံးဝ)မဝတ်ရ။ D.K.BA တပ်ဖွဲ့ဝင်နှင့် ပြည်သူတို့အကြား မှုခင်းကိစ္စများ ဖြစ်ပေါ်လာပါက မိမိသဘောဖြင့်ဖြေရှင်းခြင်းမပြုဘဲ DKBA ဆက်ဆံရေးရုံးမှ တင်ပြပြီးဖြေရှင်း ပေးရမည်ဟုလည်း ဆိုထားသည်။
DKBA သည် NCA လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်ကောင်စီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များတွင် လိုက်ပါဆောင်ရွက်နေကြောင်း သိရသည်။
Photo-DKBA အမိန့်စာ (Copy)