ကျိုက်ထိုမြို့နယ်တွင် ဒေသခံမဟုတ်သော ဘုရားဖူးမျက်နှာစိမ်း လူငယ်များကို PDF စွပ်စွဲပြီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးငွေညှစ်ခဲ့ကြောင်း စုံစမ်းသိရသည်။
ပဲခူးတိုင်း ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာသား မောင်ကောင်းထက်ကျော်၊ မောင်ခန့်ကိုဇင်နှင့် မောင်ထက်အာကာဖြိုး လူငယ် ၃ ဦးတို့ နိုဝင်ဘာ (၁၁) ရက်နေ့ နံနက်ပိုင်းက သိမ်ဇရပ်မြို့ မြသိန်းတန်ဘုရားလာရောက်ဖူးမျှော်စဥ် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ကာယကံရှင်နှင့် နီးစပ်သူဆွေမျိုးများက ပြောသည်။
ကာယကံရှင်၏ ဆွေမျိုးတစ်ဦးက “သူတို့ ၃ ယောက်အဖမ်းခံထိတယ်လို့ သတင်းကြားတယ်၊ စစ်ကောင်စီ တယ်လီဂရမ်မှာတော့ သူတို့ ၂ ယောက်ကိုပဲ သတင်းရေးတင်ထားတယ်တွေ့ရတယ်၊ သူတို့သူငယ်ချင်း ကောင်းထက်ကျော် တစ်ယောက်တော့ ပြန်လွတ်လာတယ်လို့ ကြားရတယ်” ဟု ပြောသည်။
သို့ရာတွင် လက်ရှိအဖမ်းဆီးခံနေရသည့် လူငယ်နှစ်ဦးမှာ အသက် (၁၅) နှစ်ခန့်ရှိ မောင်ခန့်ကိုဇင်နှင့် မောင်ထက်အာကာဖြိုးတို့ဖြစ်ကြောင်း၊ ၄င်းတို့နှစ်ဦးမှာ PDF သင်တန်း အမှတ်စဥ်(၁) သို့ တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိခဲ့ရသဖြင့် အကြမ်းဖက် ဥပဒေပုဒ်မများဖြင့် အမှုအရေးယူဆောင်ရွက်မှုများ ဖြစ်ကြောင်း စစ်ကောင်စီတယ်လီဒရမ်က ရေးသားဖော်ပြသည်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက “ PDF သင်တန်းအမှတ်စဥ်(၁) ဆိုတာ ၂၀၂၁ လောက်မှာဖွင့်ခဲ့တာ၊ အခုဆိုရင် ၃ နှစ်ကျော်သွားပြီ၊ ဒီခလေးတွေအသက်အရွယ် ၁၂ နှစ်အရွယ်ကတည်းက ကျနော်တို့ PDF ထဲဝင်ဖို့ဆိုတာ ဘယ်လိုမဖြစ်နိုင်ပါဘူး၊ တမင်သက်သက် ငွေညှစ်ဖို့ အမှုဆင်ဖမ်းဆီးတာပဲ ဖြစ်လိမ့်မယ်၊ ငွေပေးနိုင်ရင် လွတ်မယ် ငွေမပေးနိုင်ရင်တော့ ထောင်ကျဖို့ရှိတယ်” ဟု ပြောသည်။
၂၀၂၁ စစ်အာဏာသိမ်းပြီး ပြဌာန်းလာခဲ့သော အမိန့်ဥပဒေများသည် စစ်ကောင်စီလက်ဝေခံ စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးမှူးများအတွက် ငွေဝင်ပေါက်များကို သွယ်ဝိုက်၍ဖန်တီးပေးထားခဲ့ကြောင်း မွန်နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။
၄င်းက “တစ်နိုင်ငံလုံးမှာက စီးပွားရေးအကျပ်အတည်းဖြစ်နေတယ် အကျင့်ပျက်ခြစားမှု Corruption တွေက နေရာအနှံ့မှာ လူတိုင်းကြုံရတယ်၊ ဧည့်စာရင်းဥပဒေ၊ အကြမ်းဖက်ဥပဒေ၊ စစ်မှုထမ်းဥပဒေတို့ဆိုတာ စစ်ကောင်စီလက်ဝေခံ ထောင့်တိုင်တွေအတွက် အခွင့်အလမ်းတွေပဲ၊ နဝတနဲ့ မဆလခေတ်တွေက အမွေတွေပဲ၊ တိုင်းပြည်ကတော့ အဆိုးဘက်ကို ဦးတည်နေဆဲပါ” ဟု ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အစီရင်ခံစာတွင် အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း၌ စစ်ကောင်စီ၏ အကြောင်းအမျိုးမျိုးပြဖမ်းဆီးမှုကြောင့် အပြစ်မဲ့ပြည်သူ ၃ သောင်းနီးပါး ဖမ်းဆီးခံထားရကြောင်း သိရသည်။
Photo-စစ်ကောင်စီ ဖမ်းဆီးထားသော လူငယ်နှစ်ဦး