မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာအခြေစိုက် ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် တရုတ်နိုင်ငံသား ပညာရှင်တစ်ဦးအပါဝင် ဝန်ထမ်းသုံးဦးတို့ ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့တွင် အဆိုပါစက်ရုံဝန်ထမ်းများဖြစ်သော တရုတ်နိုင်ငံသား၊ စက်ရုံမှူးဦးဘိုဘို၊ မန်နေဂျာဦးတင်ထွန်းအောင်တို့ကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP (AD) တပ်ဖွဲ့ဝင်များက လာရောက်ခေါ်ဆောင်သွား၍ ညှိနှိုင်းပြောဆိုပြီးသည့်နောက် နိုဝင်ဘာ ၉ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံဝန်ထမ်းတစ်ဦးက “ကျနော်တို့ကို ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံပြောဆိုပါတယ်၊ သူတို့မွန်ဒေသမှာ ကျနော်တို့စီးပွားလာရှာတာဖြစ်တဲ့အတွက် သူတို့ကိုလည်း အသိပေးထားဖို့လိုအပ်ပါတယ်၊ ဒီလိုခေတ်ကာလမျိုးမှာ ကျနော်တို့ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက် လုံခြုံရေးတွေကအစ အစစအရာရာ အရေးကြီးပါတယ်” ဟု ဆိုသည်။
မွန်ဒေသရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် NMSP (AD) က အချိတ်ဆက်ယူ ဆက်သွယ်သည့်အခါ ကောင်းမွန်စွာဆက်ဆံကြရန်လိုအပ်ကြောင်း ၄င်းက ဆက်ပြောသည်။
ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံအနေဖြင့် NMSP(AD) နှင့် အဆက်အသွယ်ပြုလုပ်ရန် အကြောင်းကြားခဲ့ပြီးနောက် အကြောင်းမပြန်တဲ့အတွက် အဆိုပါ စက်ရုံဝန်ထမ်းများကို လာရောက်ခေါ်ဆောင်သွားခြင်းကြောင်း သိရသည်။