တရုတ်နိုင်ငံက နယ်စပ်ကုန်သွယ်ရေးစခန်းများအားလုံးကို ယာယီပိတ်သိမ်းလိုက်ခြင်းကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်တန့်နေပြီး ဈေးနှုန်းကြီးမြင့်လာမှုနှင့်အတူ တရုတ်ထုတ် ပစ္စည်းပြတ်လပ်မှုအချို့နှင့်ပါ ကြုံတွေ့လာနေရကြောင်း သိရသည်။
စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နယ်စပ်ကုန်သွယ်ရေးကို အကြောင်းပြုကာ စီးပွားရှာနေဟုဆိုကာ စစ်ကောင်စီက တောင်းဆိုသည့်အတွက် ဖြစ်ကြောင်း၊ ယင်းအတွက် ပြည်တွင်းတရုတ်ပစ္စည်း ပြတ်လပ်မှုအပြင် တရုတ်မြန်မာနယ်စပ်ရှိ တရုတ်မှ တင်သွားသည့် ကုန်ပစ္စည်းများကိုသာ အဓိက အသုံးပြုနေရသည့် ပြည်သူများနှင့် လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မန္တလေးမြို့နေ ကုန်သည်တစ်ဦးက ပြောကြားသည်။
” လုပ်ငန်းတွေ အတော်များများက နယ်စပ်အပါအဝင်ပေါ့ ပြည်တွင်းမှာလည်း တရုတ်ကုန်ပစ္စည်းတွေနဲ့ အသက်ဆက် နေရတာရှိတယ်၊ နယ်စပ်က သူတွေဆို ဒီဒဏ် ပိုခံစားနေရတယ်၊ နစ်နာသွားတာကတော့ ပြည်သူတွေပါပဲ၊ ကုန်သွယ်ရေး လမ်းကြောင်းကို တနည်းနည်းနဲ့ အားလုံးအဆင်ပြေအောင် လမ်းကြောင်း ဖွင့်ပေးစေချင်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ရပ်တည်ဖို့ မလွဲကြတော့ဘူး၊ နှစ်ဖက်လုံးကတော့ ဒါကို ကြည့်ပြီး ညှိနှိုင်းကြစေချင်ပါတယ် ” ဟု အဆိုပါ ကုန်သည်က ပြောကြားသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် အရေးပါသည့် လမ်းကြောင်းများ ကုန်စည်စီးဆင်းမှု ပြတ်တောက်ခဲ့ရပြီး ယခုအခါ နောက်ဆုံး လက်ကျန်ဂိတ်ဖြစ်သည့် ကျိုင်းတုံ-မိုင်းလားဂိတ်ရှိ အဝင်အထွက်များပါ တရုတ်ဘက်က ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။
” ခုက တရုတ်အပြင် ထိုင်းနယ်စပ်တွေဘက်က အဖမ်းအဆီးတွေက တောက်လျှောက်ဆိုတော့ ခက်တာက ပြည်တွင်းမှာလဲ အဲဒီလောက်များများ မထုတ်ပေးနိုင်ဘူးလေ။ နောက်လလောက် ခုပုံမျိုးဆို အားလုံး ခက်ခဲနိုင်ပေမယ့် ရေလမ်းကြောင်းဘက်က ဝင်လာတဲ့ အပိုင်းတွေကိုတော့ မှန်မှန်နဲ့ မြန်မြန်လုပ်ပေးစေချင်တယ်၊ ခုက ဆိပ်ကမ်းပစ္စည်းထုတ်မယ့် ကိစ္စက မြန်မြန်ပြည်သူတွေဆီ ရောက်ဖို့က အဆင့်ဆင့်ပေးရကမ်းရနဲ့ တော်တော်ခက်ခဲနေတာကို ဖြေရှင်းပေးရမှာ ” ဟု ရန်ကုန်မြို့နေ ထိုင်းနှင့်တရုတ်ပစ္စည်းများ လက်လီလက်ကား ရောင်းချနေသူ တစ်ဦးက ပြောကြားသည်။
တရုတ်သွင်းကုန်အနေဖြင့် ပြည်တွင်းတွင် အဓိကအသုံးပြုနေကြသည့် လျှပ်စစ်ပစ္စည်း၊ အိမ်သုံးနှင့် လူသုံးကုန်၊ ဆေးဝါးများအပြင် ဆိုင်ကယ်နှင့် ဆိုလာ၊ အိမ်ဆောက်ပစ္စည်းများပါဝင်နေပြီး မြန်မာဘက်က ပို့ကုန်အနေဖြင့် သီးနှံနှင့် လယ်ယာထွက်ကုန်ပစ္စည်းများ အပါအဝင် တရုတ်ဘက်က လိုအပ်သည့် အဓိက ကုန်ပစ္စည်းများ တင်ပို့မှု ရပ်ဆိုင်းခဲ့ရသဖြင့် အကြပ်အတည်းများ ဖြစ်ပေါ်လျက်ရှိသည်။
Photo-တရုတ်-မြန်မာနယ်စပ်
စီးပွားရေး
နယ်စပ်ကုန်သွယ်ရေးစခန်း
ယာယီပိတ်သိမ်း
ကုန်သွယ်ရေးလမ်းကြောင်း
ရပ်တန့်နေ
ဈေးနှုန်းကြီးမြင့်လာမှု
တရုတ်ထုတ်ပစ္စည်းပြတ်လပ်မှု