အိန္ဒိယနိုင်ငံ ကမ္ဘာ့ရေးရာကောင်စီ (ICWA) က ဦးဆောင်ပြီး ကျင်းပခဲ့သည့် ဖွဲ့စည်းပုံနှင့် ဖယ်ဒရယ်ဆိုင်ရာဆွေးနွေးပွဲသည် မြန်မာ့အရေးပဋိပက္ခတွင်ပါဝင်သူများအားလုံးတွေ့ဆုံဆွေနွေးရန်အတွက် ပဏာမကြိုးပမ်းမှုတစ်ခုဖြစ်လာနိုင်ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက သုံးသပ်သည်။
နောက်ပိုင်းတွင် ပဋိပက္ခတွင်ပါဝင်သူများအားလုံးတွေ့ဆုံးဆွေးနွေးပွဲဖြစ်လာနိုင်သည်ဟု ရှုမြင်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပခဲ့သော ဖွဲ့စည်းပုံနှင့် ဖယ်ဒရယ်ဆိုင်ရာဆွေးနွေးပွဲမှအပြန် အလွတ်တန်းသတင်းထောက်တစ်ဦး၏မေးမြန်းမှုကို ဖြေကြားသည်။
“ပဋိပက္ခမှာ ပါဝင်သူအားလုံးတွေ့ဆုံဆွေးနွေးဖို့ မူအားဖြင့်လက်ခံတာပေါ့၊ ငြင်းစရာမရှိပါဘူး၊ သို့သော်လည်းပဲ တစ်ချိတည်းမှာ အားလုံးစုံညီတွေ့ဆုံဆွေးနွေးဖို့ဆိုတာက လက်တွေ့အားဖြင့်တော့ အခက်အခဲရှိပါသေးတယ်၊ နောက်ပိုင်း ပိုပြီးကျယ်ပြန့်တဲ့ ဆွေးနွေးပွဲဖြစ်ဖို့အတွက်က ပဏာမကြိုးပမ်းမှုလို့ ကျွန်တော်တို့ဘက်ကတော့ မြင်ပါတယ် ” ဟု ဦးကိုကိုကြီးက ပြောကြားသည်။
စစ်ကောင်စီဘက်က အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး စင်တာ (CPR)၊ တရားဝင်မှတ်ပုံတင်ခွင့်ရထားသည့်နိုင်ငံရေးပါတီ ၁၁ ပါတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့က ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ICWA အနေဖြင့် အပိုင်းလိုက်အစီအစဉ်များခွဲကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အိမ်နီးချင်းတရုတ်နှင့် ထိုင်းအပါအဝင် ကိုရီးယားစသည့်နိုင်ငံများက မြန်မာ့အရေးတက်ကြွစွာပါဝင်လာသည့်အတွက် ပြဿနာပြေလည်နိုင်ရေးအတွက် အခြေအနေကောင်းများဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သို့ရာတွင် NUG အနေဖြင့်မူ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် လက်ခံနိုင်ခြင်းမရှိဟု ဆိုသော်လည်း အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာ့ အရေးကို စိတ်ဝင်စားလာမှုအပေါ် ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အတိုက်အခံ အင်အားစုများက ယင်းဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ပြောဆိုထားသည်။
အိမ်နီးချင်းနိုင်ငံများတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲများ ခပ်စိတ်စိတ်ဖြစ်ပေါ်လာနေခြင်းသည် တွေ့ဆုံဆွေနွေးမှုလမ်ကြောင်းပေါ် ရောက်လာစေရေးအတွက် ကြိုးပမ်းမှုများဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ထားသည်။
Photo-ဦးကိုကိုကြီးနှင့် အိန္ဒိယခရီးစဥ်