သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ ဇီးနှစ်ပင်ရွာအနီးတွင် နိုဝင်ဘာလ (၅) ရက်နေ့ မွန်းပိုင်းမှ စတင်ကာ စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား စတင်ဖြစ်ပွားရာ ယနေ့ နိုဝင်ဘာလ (၇) ရက်နေ့ မနက်ပိုင်းအချိန်အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၅) ရက်နေ့ မွန်းလွဲ (၁၂) နာရီခွဲ အချိန်ခန့်တွင် ရေးမြို့နယ် မော့ကနင်ဘက်မှ သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာဘက်သို့ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် အင်အား (၈၀) ခန့်ရှိ စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပါင်းတပ်ဖွဲ့များအကြား အဆိုပါ ဇီးနှစ်ပင် ကျေးရွာအနီးတဝိုက်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ထိခိုက်ကျဆုံးမှုများကို မသိရသေးကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။
“အထိအခိုက်အကျအဆုံး သတင်းမရသေးပါ၊ အဲဒီဇီးနှစ်ပင်ရွာ အနီးတဝိုက်မှာစစ်ကောင်စီတပ်က ပိတ်မိနေတယ်၊ ရှေ့တိုးလို့လည်းမရ၊ နောက်ဆုတ်လို့လည်းမရဖြစ်နေတယ်။ နိုဝင်ဘာ (၅) ရက်နေ့ ညနေပိုင်းမှာ Y-12 စစ်လေယာဥ်တစ်စီးလာတယ်။ ဗုံးလည်းကြဲတယ်။ စက်သေနတ်နဲ့လည်းတရစပ်ပစ်သွားတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထို့အပြင် သံဖြူဇရပ်မြို့နယ် ဝဲကလိတပ်နယ်မှလည်း လက်နက်ကြီးပစ်ကူများဖြင့် လှမ်းပစ်ကြောင်းလည်း ၎င်းဒသခံက ဆိုသည်။
“မနေ့ နိုဝင်ဘာလ (၆) ရက်မှာ အဲဒီ ဇီးနှစ်ပင်ရွာ မှာပိတ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းအတွက် ရိက္ခာပို့ပေးဖို့ရှိမယ်ထင်တယ်။ လေယာဉ်ကနေ အိတ်တွေပစ်ချသွားတာ မြင်လိုက်ရသေးတယ်။ ဒီနေ့ နိုဝင်ဘာလ (၇) ရက်နေ့ နေ့လည်ပိုင်းအထိကို ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတုန်းဘဲ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
စစ်ကောင်စီတပ်မှ စခန်းကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်လာသည့်အတွက်ကြောင့် စခန်းကြီး၊ ဇီးနှစ်ပင်၊ ရဲတံခွန်၊ ရွာသစ်၊ ပယော်ဟဲ စသည့် ကျေးရွာများမှ ဒေသခံပြည်သူများ ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင် နေကြရကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ထို သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအနီးဝန်းကျင်ဒေသအတွင်း KNLA တပ်ရင်း (၂၇) နှင့်အတူ ကျားဖြူ၊ နဂါးနီအစရှိသော PDF ပူးပေါင်းတပ်ဖွဲ့ စစ်ရေးလှုပ်ရှားလျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။