တက္ကသိုလ် အဆင့်မြင့်ပညာရေး ပူးပေါင်းဖလှယ်မှုအစီအစဥ်အရ မွန်အမျိုးသားပညာရေးကော်မတီ MNEC ၏ မွန်အမျိုးသားကောလိပ်နှင့် အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ရှိ Purdue University of Fort Wayne တို့ ယနေ့ နိုဝင်ဘာ (၇) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ MoU ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားပညာရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ််များက အမေရိကန်နိုင်ငံသို့ရောက်ရှိနေပြီး Purdue တက္ကသိုလ်၌ နှစ်ဖက်တာဝန်ရှိသူများက လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပခဲ့ခြင်း ဖြစ်သည်။
မွန်အမျိုးသားကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာပညာမွန်က “ကျနော်တို့ မွန်အမျိုးသားကောလိပ်အနေနဲ့ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ အဆင့်မြင့်ပညာရေးပူးပေါင်းမှုတွေ ဖြည်းဖြည်းချင်း လုပ်ဆောင်နေပါတယ်။ ဒါကြောင့် MOU တွေ တစ်ခုပြီးတစ်ခု ရေးထိုးလာနိုင်မယ်လို့ ယုံကြည်ပါတယ်။
လောလောဆယ် တက္ကသိုလ်တစ်ခုနဲ့တော့ MOU လက်မှတ် ရေးထိုးနိုင်ခဲ့ပြီ။ ဒီနှစ်အတွက်က တက္ကသိုလ် ၃ ခုနဲ့ MOU လက်မှတ် ထပ်ထိုးသွားဖို့ စီစဉ်ထားတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က မွန်အမျိုးသားကောလိပ်နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Payap တက္ကသိုလ်တို့ အဆင့်မြင့်ပညာရေးပူးပေါင်းဖလှယ်ရေး နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
ထို့ပြင် ၂၀၂၄ ခုနှစ် မကုန်မီတွင် ချင်းမိုင်မြို့ရှိ Rajabhat တက္ကသိုလ်နှင့်လည်းကောင်း၊ အာယုဒ္ဓယမြို့ရှိ မဟာချူလာလောင်ကွန်းတက္ကသိုလ်နှင့်လည်းကောင်း မွန်အမျိုးသားကောလိပ်တို့ MoU လက်မှတ်ရေးထိုးရန် ပြင်ဆင်လျက်ရှိသည််။
နိုင်ငံတကာတက္ကသိုလ်များနှင့် MoU လက်မှတ်ရေးထိုးသည့်အချက်များတွင် မွန်အမျိုးသားကောလိပ်မှ ကျောင်းသူ၊ ကျောင်းသားများအား ၄င်းတို့တက္ကသိုလ်တွင် ပညာလေ့လာ ဆည်းပူနေသူများအဖြစ် သတ်မှတ်ပေးရန်၊ ကောလိပ်ကျောင်းသူ၊ Dual Degree စနစ်တစ်ခု အကောင်အထည်ဖော်နိုင်ရန်၊ သင်ကြားရေးအပိုင်း၊ စီမံကွပ်ကဲအုပ်ချုပ်ရေးအပိုင်းနှင့် ပညာဖွံ့ဖြိုးမှုအပိုင်း အရှိန်မြင့်လာအောင် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီချက်များ ပါဝင်သည်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသား ပညာရေးဗဟိုဌာန ညီစားစခန်း၌ မွန်အမျိုးသားကောလိပ်ကို ၂၀၂၂ ခုနှစ် ဇွန်လက စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၃၀၀ ဦးဝန်းကျင်ခန့် တက်ရောက်သင်ကြားလျက်ရှိသည်။